လိပ်သို စက်တင်ဘာ ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်များ၊ ကျောင်းသား/ကျောင်းသူများ အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဝါသနာပါသူ အချင်းချင်းရင်းနှီးစေရန်၊စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့်အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများနှင့် ပူးပေါင်း၍ စာရေးဆရာ မင်းဗထူးရေးသားသော“ ခေါင်းဆောင်နှင့် သူ၏စကား ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျောင်းသား/ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများဖလှယ်တတ်စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ စာဖတ်ခြင်းအလေ့အထ တိုးတက်လာသည်နှင့်အမျှ စဉ်းစားတွေးခေါ်မှု မှန်ကန်လာပြီး ဆန်းစစ်ဝေဖန်ပိုင်းခြားနိုင်စွမ်းများရရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရာ စာဖတ်ဝါသနာပါသူ မသဲစုခင်က အခန်း (၇)မှ “ ဆက်စပ်မှုရလိုလျှင် ခက်ခဲသောအလုပ်ကို လွယ်ကူအောင်လုပ်ပါ ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စောအောင်အောင်က အခန်း(၈)မှ “ ဆက်စပ်မှုရလိုလျှင်လူတိုင်း အတွက် ကျေနပ်ပျော်ရွှင်မှုကို ဖန်တီးပေးပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ နော်ဂျူးဂျူးမှ “ခေါင်းဆောင်သည်ဆိုစကားနှင့် လျော်ညီ စွာနေရသည်”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၃၁) ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)