မြို့သစ်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ

မြို့သစ် စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးပြောကြားခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာဈေးအတွင်း၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ အသိပညာပေးဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေသည့် “သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး”  အသိပညာပေးလက်ကမ်းစာစောင်ပါ ခြင်ကြားပေါက်ပွားပုံအဆင့်ဆင့်၊ ပိုးလောက်လမ်းမှတစ်ဆင့် ခြင်များပေါက်ပွားနိုင်သဖြင့်  ပိုးလောက်လမ်းမပေါက်ပွားနိုင်စေရန် နေအိမ်အတွင်း လိုက်နာဆောင်ရွက်ရမည့်အရာများ၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပါက အနီးစပ်ဆုံးကျန်းမာရေးဌာနသို့ သွားရောက်၍ ဆေးကုသမှုခံယူစေရန်စသည့် အသိပညာပေးအကြောင်းအရာများပါဝင်သည့် လက်ကမ်းစာစောင် (၂၀၀)စောင်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန်(ပြန်/ဆက်)