ငဖဲ စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပြီးသည့် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက်အဘိုးအဘွားများ၊ ရဟန်းသံဃာတော်များနှင့် ပြည်သူများအား Booster Dose ထပ်မံထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ငဖဲမြို့မရပ်ကွက်ဓါတ်တော်ဓမ္မာရုံနှင့် ချောင်းဖြူကျေးရွာဓမ္မာရုံတို့တွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster Dose အား ပြည်သူများလာရောက်ထိုးနှံနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ထားရှိပြီး ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် အဘိုးအဘွားများ၊ ရဟန်းသံဃာတော်များနှင့် ပြည်သူများလာရောက်ထိုးနှံကြသော ပြည်သူစုစုပေါင်း (၁၂၀)ဦးခန့်ရှိကြောင်း သိရသည်။
မယု(ငဖဲ)