ရေဦး စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ ခင်ဦး-ရေဦးသို့ ချိတ်ဆက်ပေးထားသော ၃၃ ကေဗွီဓာတ်အားလိုင်း တာဝါတိုင်နှစ်ခုကြား ဓာတ်အားလိုင်းကြိုးသည် ဝန်အားမနိုင်ဖြစ်ကာ မူးမြစ်အတွင်း လိုင်းကြိုးများလျော့ကျနေသည့် အတွက် စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက မူးမြစ်အတွင်းကွင်းဆင်းပြုပြင်ပေးခဲ့ကြသည်။
ဓာတ်အားလိုင်းကြိုးပြုပြင်ရာတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုနှင့် မြို့နယ်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးဌာန ဦးမိုးလေး အငယ်တန်းအင်ဂျင်နီယာ ဦးဆောင်သော ပူးပေါင်းအဖွဲ့က ယာယီသစ်သား လျှပ်စစ်မီးတိုင်များ စိုက်ထူခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ ပြင်ဆင်ခြင်း၊ ကြွေသီးတပ်ဆင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဓာတ်အားလိုင်းကြိုးသည် လွန်ခဲ့သော ၅ နှစ်ခန့်က တစ်ကြိမ် မူးမြစ်တွင်း လိုင်းကြိုး လျော့ကျမှု ဖြစ်စဉ်ဖြစ်ခဲ့ဖူးကြောင်း၊ လျှပ်စစ် ဓာတ်အားလိုင်းကြိုး နှစ်ခုကြားရှိ လူနေအိမ်နှင့် လမ်းသွားလမ်း/လမ်းလာများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရန် မူးမြစ်အတွင်း တာဝါတိုင်သစ် စိုက်ထူပေးရန် လိုလားနေကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောကြားသည်။
သန်းသန်း (ရေဦး)