ကသာ စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာပညာရေးဒီဂရီကောလိပ်တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး လူငယ်သီတင်းပတ် လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါကောလိပ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များက ဘက်စုံသုံးခန်းမရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်သီတင်းပတ်လှုပ်ရှားမှုများသည် နိုင်ငံတော်၏ဦးတည်ချက် (၉) ရပ်အနက် လူမှုရေးဦးတည်ချက် (၃) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အသွင်သဏ္ဍာန်ရော အနှစ်သာရပါပြည့်စုံကောင်းမွန်သည့် လုပ်ရှားမှုဖြစ်ကြောင်း၊ နိုင်ငံတော်အနေနှင့် ပညာရေးကဏ္ဍကို အထူးအလေးအနက်ထားပြီး ဆောင်ရွက်နေကြောင်း၊ တိုင်းဒသကြီးနှင့်ပြည်နယ်အလိုက် စာသင်ကျောင်းများ မှန်မှန်ကန်ကန်ဖွင့်လှစ်နိုင်ရေး၊ ဗလငါးတန်နှင့် ပြည့်စုံသည့်လူရည်ချွန်များ မွေးထုတ်နိုင်ရေးတို့အတွက် ကျောင်းသား၊ မိဘ၊ ဆရာနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းတို့ပေါင်းစပ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန် မှာကြားထားပါကြောင်းတို့ကို ပြောကြားသည်။
ဆက်လက်၍ လက်တွေ့တန်းပြနှင့်ပတ်သက်သည့် အတွေ့အကြုံများ၊ အကျိုးရလဒ်များနှင့် ပြန်လည်သုံးသပ်မှုများကို (ဒုတိယနှစ်၊ ဒုတိယနှစ်ဝက်တန်း) မှ ကျောင်းသား မောင်သန့်ဇင်ဖြိုးက Presentation ပြုလုပ်ခြင်း၊ လူငယ်နှင့်စာရိတ္တပညာစွမ်းရည်နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာအဖြာဖြာတို့ကို အင်္ဂလိပ်စာဌာန ပါမောက္ခဒေါ်ရီရီဝင်းမှ ဆွေးနွေးဟောပြောခဲ့ပြီး ကျောင်းကောင်စီ အသင်းလေးသင်းမှ ကျောင်းသူလေးများက Fitness Dance အကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ကျောင်းသား/ ကျောင်းသူ လူငယ်လေးများ၏ အစားအသောက်ဈေးရောင်းပွဲတော်နှင့် စားဖိုဆောင်သီးနှံစိုက်ခင်း၊ အလှပန်းပင်များ ရှင်သန်ဖြစ်ထွန်းမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ကျော်စွာထွန်း (ကသာ)