မင်းဘူး စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်း(BDMC) အမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မင်းဘူး(စကု)မြို့နယ်၊ စကုမြို့ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲငယ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
အခြေခံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းနှင့်ပတ်သက်၍ ပြည်သူလူထုက စိတ်ပါဝင်စားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ မြေပြင်တွင် လက်တွေ့ဝိုင်းဝန်းကူညီ လုပ်ဆောင်နိုင်စေရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်နှင့်ပတ်သက်ပြီး သဘာဝဘေးဆိုင်ရာ ကြိုတင်စီမံခန့်ခွဲတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်အတွက် ယခုကဲ့သို့ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းကို စကုမြို့မှ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့အစည်းများနှင့် သဘာဝဘေးတွင် စိတ်ပါဝင်စားသူ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြပြီး စက်တင်ဘာ ၄ ရက်မှ ၆ ရက်နေ့အထိ (၃)ရက်ကြာ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခု၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက်နေ့အထိ မီးဘေး (၆)ကြိမ်၊ လေဘေး(၁၆)ကြိမ်၊ ရေဘေး (၉)ကြိမ်၊ ကမ်းပြိုဘေး (၈)ကြိမ်၊ မိုးကြိုးဘေး (၁)ကြိမ်၊ ပြောင်းရွှေ့ (၅)ကြိမ်နှင့် ထူးခြားဖြစ်စဉ် (၁)ကြိမ်၊ စုစုပေါင်း သဘာဝဘေးဖြစ်ပွားမှု (၄၆)ကြိမ်အထိရှိခဲ့ပြီး အိမ်ထောင်စု (၂၃၄၅)စုမှ လူဦးရေ (၅၈၁၃)ဦးအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းအပါအဝင် ရန်ပုံငွေကျပ်သိန်းပေါင်း (၁၀၀၀)ကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဝင်းထံမှ သိရသည်။
မောင်မောင်(မင်းဘူး)