အိမ်မဲမြို့နယ်တွင် စားအုန်းဆီ (၅၀) ကျပ်သားလျှင် (၂၂၀၀) ကျပ်ဖြင့် ဆီ (၂) ပေပါအား အခြေခံလူတန်းစားများကို ရောင်းချပေး

အိမ်မဲ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အိမ်မဲကြီးရပ်ကွက် (၂) လမ်း ၊ မောင်မောင်ညွှန့် ကုန်​ခြောက်ဆိုင်တွင် ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်ကစတင်၍ စားအုန်းဆီများကို (၅၀) ကျပ်သားလျှင် (၂၂၀၀) ကျပ်ဖြင့် အခြေခံလူတန်းစားများအား ​ရောင်းချပေးခဲ့သည်။

“ဒီနေ့မှာတော့ အိမ်မဲကြီးရပ်ကွက် (၂) လမ်းမှာရှိတဲ့ ကိုမောင်မောင်ညွှန့် ကုန်ခြောက်ဆိုင်ကနေ စားအုန်းဆီ (၂) ပေပါအား ဆီ (၅၀) ကျပ်သားလျှင် ၂၂၀၀ ကျပ်နဲ့ ရောင်းချပေးတာဖြစ်ပါတယ်။ အကုန်လုံးကို တန်းစီစနစ်နဲ့ တစ်ဦးပြီးမှတစ်ဦး ဝယ်ယူစေပါတယ်။ မနက်ကလည်း အိမ်မဲကြီး (၁) လမ်း ကိုမြင့်မှူးဆိုင်မှာလည်း စားအုန်းဆီ (၁) ပေပါ ရောင်းချပေးခဲ့သေးပါတယ်။ ဒီလိုမျိုး ရောင်းချပေးတဲ့ လုပ်ငန်းရှင်းတွေကို အထူးပဲကျေးဇူးတင်ပါတယ်လို့ “အိမ်မဲကြီးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲဝင်းကပြောသည်။

“ကျမတို့က အိမ်မဲကြီးရပ်ကွက်ကပါ။ ဒီနေ့ နေ့ခင်းပိုင်းမှာ သက်သာတဲ့နှုန်းနဲ့ ဆီတွေရောင်းပေးမယ်ဆိုလို့ လာတန်းစီပြီး ဝယ်တာပါ။ ဆီက စားဆီပါ။ လူတစ်ဦးကို ဆီ (၅၀) ကျပ်သားပဲ ဝယ်လို့ရပါတယ်။ (၅၀) သားကို (၂၂၀၀) ကျပ်ပေးရပါတယ်။ ကျမကတော့ဆီ (၅၀) သားရပါပြီ၊ ဆီက (၂) ပေပါကုန်သွားတဲ့အတွက် အနောက်ကကျန်နေတဲ့ တန်းစီတဲ့သူတွေကတော့ ကိုမောင်မောင်ညွှန်ဆိုင်ကပဲ စက်တင်ဘာ (၆) ရက်နေ့မှာ တန်းစီစရာမလိုပဲ စလစ်ကလေးတွေနဲ့ပေးမယ်လို့ကြားပါတယ်လို့” ဆီလာဝယ်သူ အိမ်ရှင်မတစ်ဦးကပြောသည်။

အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက် လူငယ်လေ့ကျင့်ရေးဘောလုံးကွင်း (သဲကွင်း) ရှိ အခွန်လွတ်စျေးတွင် လည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများက အခြေခံစားသောက်များကို ရောင်းချပေးလျက်ရှိကြောင်းလည်း သိရသည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)