တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ

တောင်တွင်းကြီး စက်တင်ဘာ

စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် စာအုပ်ပြပွဲကို မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ်(၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ‌ ဒေါ်အေးမိုးမိုးမြင့်က စာတက်မြောက်ရေးနေ့အကြောင်း၊ စာတက်မြောက်ရေးနေ့အထိမ်းအမှတ်ပြပွဲ၊ ပြိုင်ပွဲများကျင်းပကြပုံ၊ စာမတက်သူပပျောက်ရေးမှ စာမဖတ်သူပပျောက်ရေးသို့ ကြိုးပမ်းဆောင်ရွက်နေမှုများ၊ စာပေလေ့လာဖတ်ရှု့ခြင်း အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပရာ Grade(4)မှ ကျောင်းသား၊ ကျောင်းသူ(၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကို စိတ်ဝင်တစားကြည့်ရှု့ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး Grade(4)မှ ကျောင်းသား၊ ကျောင်းသူ(၅၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)