တောင်တွင်းကြီးမြို့နယ်တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စကားပုံဆက်ပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီး စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့မအခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်း၍ စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက်(၉:၃၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူးဒေါ်အေးမိုးမိုးမြင့်က ကလေးငယ်များအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တက်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ စာကြည့်တိုက်သို့ စဉ်ဆက်မပြတ်ဝင်ထွက်သွားလာတက်သည့် အလေ့အထများဖြစ်ပေါ်စေရန်နှင့် မြန်မာစကားပုံများအား လေ့လာသိရှိနိုင်စေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး စကားပုံဆက်ပြိုင်ပွဲကိုကျင်းပရာ မြို့မအခြေခံပညာအလယ်တန်းကျောင်း Grade(5)မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၁)ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြိုင်ပွဲ၀င်ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသည့် မြို့နယ်အတွင်း အထင်ကရမှတ်တမ်းဓာတ်ပုံများ၊ အထင်ကရပုဂ္ဂိုလ်များ၏ မှတ်တမ်းဓာတ်ပုံများနှင့် ပြတိုက်ငယ်(mini museum)တို့ကို လေ့လာကြည့်ရှု့ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ(၈)ရက်နေ့တွင် အခမ်းအနားဖြင့် ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)