ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းများပြပွဲ    ဖွင့်ပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော်      စက်တင်ဘာ  

ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စားထုတ်ကုန်ပစ္စည်းများပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်အမျိုးသမီးရေးရာကော်မတီဝင်များ၊ ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အဖွဲ့ဝင်များနှင့်လုပ်ငန်းရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ်ဇော်မင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီးဦးစိန်ဦးတို့က ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းများ ပြပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ဒေသကွပ်ကဲရေးမှူးနှင့် တာဝန်ရှိသူများက ပြပွဲအတွင်းခင်းကျင်းပြထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းပြခန်းများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြခန်းအသီးသီးခင်းကျင်းပြသထားသည့် ဒေသထုတ်ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍  အသေးစား ၊ အငယ်စားနှင့် အလတ်စားထုတ်ကုန်ပစ္စည်းများကို ဒေသထွက်ကုန်ကြမ်း ပစ္စည်းများအားအခြေခံ၍ ကုန်ချောထုတ်လုပ် ဖြန့်ဖြူးနိုင်ရေး အဆင့်မြင့်တင်ဆောင်ရွက်သွားကြရန်၊ စပါး၊ ဆီထွက်သီးနှံများနှင့် ပြောင်းသီးနှံများကို သီးထပ်သီးနှံအဖြစ် စိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားကြရန်၊ တိုင်းရင်းသားရိုးရာအထည်ထုတ်ကုန်များ၊ ဒေသထွက်စားသောက်ကုန်များအား ဈေးကွက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးနိုင်ရန်၊ ထုတ်ပိုးမှုစနစ်များကို အဆင့်မြှင့်တင် ထုတ်ပိုးနိုင်ရန်နှင့် စက်မှုထုတ်ကုန်များကို ယခုထုတ်လုပ်လျက်ရှိသည့် အမျိုးစားများအပြင် အမျိုးစားအသစ်များ ထပ်မံထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်သွားကြရန် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များအား မှာကြားခဲ့သည်။

အဆိုပါ ကယားပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းများ ပြပွဲတွင် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များပူးပေါင်း၍  သစ်အခြေခံထုတ်ကုန်ပစ္စည်းများပြခန်း၊ သမဝါယမထုတ်ကုန်ပစ္စည်းများပြခန်း၊ ငါးနှင့်ရေထွက်ပစ္စည်းထုတ်ကုန် ပစ္စည်းများပြခန်း၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားများ အိမ်တွင်းမှုသက်မွေးလုပ်ငန်းထုတ်ကုန် ပစ္စည်းများပြခန်း ၊ ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region One Product)ထုတ်ကုန်ပစ္စည်းများပြခန်း၊ စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများပြခန်း၊ မွေးမြူရေးထုတ်ကုန်ပစ္စည်းများပြခန်း၊ စက်မှုလက်မှုထုတ်ကုန်ပစ္စည်းများပြခန်း၊ အသေးစား စက်မှုလက်မှုထုတ်ကုန်ပစ္စည်းများပြခန်း၊ ရက်ကန်းလုပ်ငန်းထုတ်ကုန်ပစ္စည်းများပြခန်း၊ ​ဒေသထွက်ထုတ်ကုန်ပစ္စည်းများပြခန်းစသည့် ပြခန်းပေါင်း(၁၁)ခန်းကို ခင်းကျင်း၍ စက်တင်ဘာလ()ရက်နေ့မှ ()ရက်နေ့အထိ ပြသထားမည်ဖြစ်ပြီး အကောင်းဆုံးခင်းကျင်းပြသနိုင်မှုဆုများနှင့် အထူးဆုများကို ရွေးချယ်ချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကိုဇင်(ပြန်/ဆက်)