ဘုတ်ပြင်း စက်တင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ထောင်စုံမဟက်ကျေးရွာအုပ်စု ချောင်းတာစူးကျေးရွာ အလက(ခွဲ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.လ.က(ခွဲ) ချောင်းတာစူးကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်မာလာစိုးက အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက လူငယ်များဘက်စုံဖွံ့ဖြိုးပြီး အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ရာ “ကျောင်းသား/သူများအနေဖြင့် နောင်တစ်ချိန်တွင်နိုင်ငံနှင့် လူမျိုးအကျိုး သယ်ပိုးထမ်းရွက်ကြရမည်ဖြစ်ပြီး ယခုအရွယ်မှစ၍ ဗလငါးတန်နှင့် ပြည့်စုံအောင်၊ နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတန်ဖိုးထားတတ်အောင် အသိပညာ၊ အတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာဖြစ်ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင်ကြောင်း ပြောကြားသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးစောကျော်စိုးမိုးက လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ လာမည့်ရက်များတွင် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်ကာ မိမိကျောင်းအတွက်သာမက မြို့နယ်အတွက် ထူးချွန်တဲ့အားကစားသမားများ ပေါ်ထွက်လာစေလိုကြောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးစောကျော်စိုးမိုးက အားကစားပစ္စည်းများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာနှင့်ပတ်သက်သည့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိသည်။
မြို့နယ်(ပြန်/ဆက်)