ကျွန်းစုမြို့အတွင်းရှိ စိုက်ဧက(၂၀၀)အတွက် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်)မှ မတည်ချေးငွေကျပ် သန်း(၄၀)ပေးအပ်

ကျွန်းစု စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ အသင်းသားတောင်သူများ၏ စိုက်ဧက(၂ဝဝ)အတွက် (၁)ဧကလျှင် (၂)သိန်းနှုန်းနှင့် ညီမျှသော မတည်ချေးငွေ (သွင်းအားစု/မျိုးစပါး)များအား ယမန်နေ့နံနက်(၁၁)နာရီအချိန်က မြိတ်မြို့ရှိ ကျွန်းစုမြို့နယ် သမဝါယမအသင်းစုခွဲရုံး၌ ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေက အမှာစကားပြောကြားခဲ့သည်။

ထိုနောက် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ ကျွန်းစုမြို့နယ်၊ စိုက်ဧက (၂ဝဝ) အတွက် (၁) ဧကလျှင် (၂) သိန်းနှုန်းနှင့်ညီမျှသော မတည်ငွေ(သွင်းအားစု/မျိုးစပါး)များအား မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ သမာဓိ(လယ်ယာနှင့်အထွေထွေ) သမဝါယမအသင်းရှိ အသင်းသားတောင်သူ (၅၁) ဦးထံ ပေးအပ်ခဲ့သည်။

ထို့နောက် အသင်းသား တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြို့နယ်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)