ရေဖြူ စက်တင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မင်းဒပ်ကျေးရွာတွင် ယမန်နေ့နံနက်က ဒေသထွက်ငပိ၊ ငံပြာရည်၊ ငါးခြောက် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက သင်တန်းပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ဝင်ငွေတိုးစေရန်၊ အသုံးစရိတ်ချွေတာတတ်စေရန်၊ဒေသထွက်ပေါများစွာရရှိသော အရည်အသွေးကောင်းမွန်သည့် ငပိငါးခြောက်များကို ကျန်းမာရေးနှင့်ညီညွတ်စွာ ထုတ်လုပ်နိုင်စေရန်၊ ကိုယ်ပိုင်လုပ်ငန်းထူထောင်၍ လက်တွေ့ဘဝမှာ ပြန်လည်းအသုံးချတတ်စေရန် ရည်ရွယ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းသာမက ပြည်ပသို့တင်ပို့ရောင်းချနိုင်ရရန်ကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း၊ ဌာနမှလည်း လိုအပ်သည့်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးရုံးမှ ဦးစီးအရာရှိ ဒေါ်ရီရီလွင်က ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြအဖြစ် ဦးစီးမှူးဒေါ်ရီရီလွင်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဆုသက်ဌေးတို့ကပို့ချခဲ့ပြီး၊ သင်တန်းသား/သူ (၃၀)ဦးတက်ရောက်ခဲ့ကာ သင်တန်းကာလ (၅)ရက်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင်၊ စားသောက်ကုန်တာရှည်ခံဓာတုဆေးဝါးအကြောင်း၊ မန်ကျည်းသီး ငပိကြော်(အချို၊ အစပ်)၊ မရမ်းပြားငပိကြော်၊ ငံပြာရည်ကြော်၊ ငပိထောင်း၊ သီဟိုဋ်ဆံငပိကြော်၊ အသားတုငပိကြော်၊ ငါးနီတူးဘာလချောင်ကြော်၊ မြေပဲဆံငပိကြော်၊ လက်ဖက်ငပိထောင်း ဈေးကွက်ရှာဖွေရေးနှင့် စီးပွားရေးလုပ်ငန်းတစ်ခု ထူထောင်နိုင်ရန် စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ခတ္တာ