မုံရွာ စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် မုံရွာပညာရေးဒီဂရီ ကောလိပ်ရှိ ပဉ္စဗလဘက်စုံခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများမှ “မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်း” တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ်နိုင်ငံတော် တည်ဆောက်ရာတွင် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များမွေးထုတ်ပေးရန်လိုအပ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများတွင် လူငယ်များအရည် အချင်းရှိရှိနှင့် ပူးပေါင်းပါဝင်လာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူငယ်သီတင်း ပတ်ဆောင်ရွက်လှုပ်ရှားမှုများအား ကျင်းပဆောင်ရွက်ရ ခြင်းဖြစ်ပါကြောင်း၊ ဗလငါးတန်ပြည့်စုံသည့် လူတော်လူကောင်း ဖြစ်ရန်လိုအပ်သကဲ့သို့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလည်း တန်ဖိုးထား ထိန်းသိမ်းတတ်သည့်စိတ်၊ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ကိုယ်ချင်းစာတရားထားသည့် စိတ်နှလုံးသားရှိရန်လည်း လိုအပ်သဖြင့် စာရိတ္တနှင့် ပြည်သူ့နီတိ ပြည်ထောင်စုစိတ်ဓာတ်များစသည့် သင်ခန်းစာများအား ပညာရေးကဏ္ဍတွင် ထည့်သွင်းသင်ကြားပို့ချပေးလျက်ရှိပါ ကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးဆက်သစ် လူငယ်လူရွယ်များ ပြုစုပျိုးထောင်ပေးနိုင်အောင် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် မုံရွာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက နာဂတိုင်းရင်းသား ရိုးရာ၊ ချင်းတိုင်းရင်းသားရိုးရာ၊ ရှမ်းတိုင်းရင်း သားရိုးရာ၊ ရခိုင်တိုင်းရင်းသားရိုးရာ အကများနှင့် ဗိုဗီနမ် ဗီယက်နမ်ရိုးရာ သိုင်းပညာတို့ဖြင့် သရုပ်ပြတင်ဆက်ကြပြီး တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်းက ကျောင်းသား၊ ကျောင်းသူများအတွက် ဂုဏ်ပြုငွေများပေး အပ်ချီးမြှင့်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာကြသော ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးပြီး ဈေးရောင်းပွဲတော်ရှိ တန်းခွဲအလိုက်ဆိုင်ခန်းပေါင်း ၁၃ ခန်းတွင် တိုင်းရင်းသားရိုးရာ အစား အစာများ အား တစ်ပျော်တစ်ပါး ရောင်းချနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ မုံရွာပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ် အခမ်းအနားအား စက်တင်ဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ဌာနအလိုက် လူငယ်များ အသိပညာ၊ ဗဟုသုတဆွေး နွေးပွဲများ၊ ဉာဏ ဗလဆွေးနွေးပွဲများနှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး ပြန်/ဆက်