ကြံခင်းမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ကြံခင်း စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတတ်စေရန်နှင့် အနာဂတ်လူငယ် များ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က (အ-ထ -က) ဘက်ရဲကျောင်း တေဇခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် (အ-ထ-က) ဘက်ရဲကျောင်းအုပ်ဆရာကြီး ဦးခိုင်မျိုးဇင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က လူငယ်များကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသောဗလ(၅)တန်  ဘက်စုံ ဖွံ့ဖြိုးတိုးတတ်စေရန် အသိပညာပေး ပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းက စားသုံးရန် မသင့်သော အစားအစာများနှင့် ပတ်သက်၍ ရှင်းလင်း ဟောပြောကြသည်။

ဆက်လက်ပြိး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူး ဒေါ်ခင်မိုးဝါက လူငယ်နှင့် အားကစားဆိုင်ရာများကို အသိပညာပေး ဟောပြောပြီးနောက်  (အ-ထ-က) ဘက်ရဲ ကျောင်းအုပ်ဆရာကြီး ဦးခိုင်မျိုးဇင်အား အားကစားဝတ်စုံပေးအပ်ပြီးနောက် (Fitness Dance) လေ့ကျင့်ခန်းဖြင့် သရုပ်ပြလေ့ကျင့်ပေးခဲ့သည်။

ထို့နောက် ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန် စားသုံးသူရေးရာ အသိ ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း နှင့် မူးယစ်ဆေး၏ ဆိုးကျိုးများ၊ ဆေးလိပ်သောက်ခြင်း ဆိုးကျိုးလက္ခဏာများ ပါဝင်သော နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ပြသထားရာ   ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုကြကြောင်းနှင့် လူငယ်ရေးရာဟောပြောပွဲသို့ (အ-ထ-က) ဘက်ရဲကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၃၅၀)ဦး တတ်ရောက်ကြကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)