ကျုံပျော်မြို့တွင် ပြည်သူများထံသို့ စားသုံးဆီများ ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချ

ကျုံပျော် စက်တင်ဘာ ၅

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် စားသုံးဆီများ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ တေဇရပ်ကွက် အခွန်လွတ်ဈေး၌ စက်တင်ဘာ ၃ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ရောင်းချရာတွင်  မြန်မာနိုင်ငံ ဆီကုန်သည်များအသင်းနှင့်  ဧရာဝတီတိုင်းဒေသကြီး ဆီကုန်သည်များ အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်   မြို့နယ်စားသုံးသူ‌ရေးရာ ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်များဖြစ်သော တေဇ၊ မြဝတီ၊ ပင်လုံနှင့် အောင်ဆန်းရပ်ကွက်အတွင်းမှ  အခြေခံ လူတန်းစားများအား  တစ်ဦးလျှင် စားသုံးဆီ တစ်ပိဿာ (၄၅၀၀) ကျပ်နှုန်းဖြင့်  ဈေးနှုန်းချိုသာစွာ ရောင်းချခဲ့ပြီး၊ လာရောက်ဝယ်ယူသည့် ရပ်ကွက်နေ ပြည်သူများ ဝမ်းမြောက်ကြကြောင်း သိရသည်။

ထို့အပြင် ဝန်ထမ်းများ စားသုံးမှုအဆင်ပြေရန်အတွက် ဌာနဆိုင်ရာ ရုံးများသို့ လိုက်လံ၍ ဝန်ထမ်းတစ်ဦးလျှင် စားသုံးဆီ တစ်ပိဿာနှုန်း ဖြန့်ဖြူးရောင်းချပေးခြင်း၊ ရပ်ကွက်နေပြည်သူများ အဆင်ပြေစေရန်အတွက်လည်း အခါအားလျော်စွာ အခြေခံစားကုန်များဖြစ်သော အသား၊ ငါး၊ ဟင်းသီး ဟင်းရွက်များ ဈေးနှုန်းချိုသာစွာ ရောင်းချခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီး ဌာနနှင့် လုပ်ငန်းရှင်များ ပူးပေါင်း၍  ရောင်းချပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)