ကရသူရိမြို့၌ တစ်ပိုင်တစ်နိုင် ကွမ်းရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကရသူရိ စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဒေသခံမိဘပြည်သူများသည် နှစ်ရှည်စိုက်ပျိုးရေးလုပ်ငန်းများနှင့် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်လျက်ရှိရာ ကွမ်းရွက်ဈေးကောင်းရ၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသူများ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

ကွမ်းရွက်ကို ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး အပင်သက်တမ်း(၃)လအကြာတွင် စတင်ခူးရောင်းနိုင်ကြောင်းနှင့် (၁၅)ရက်တစ်ကြိမ် ခူးရောင်းနေကြောင်း၊ လက်ရှိ ကွမ်းရွက်(၅၀)ရွက် (၁)စည်းကို (၁၂၀၀) ကျပ်ရရှိပြီး တစ်ကြိမ်ခူးရောင်းလျှင် (၃၀၀၀၀)ကျပ် ဝန်းကျင်ခန့်ရရှိကာ ‌ဒေသအတွင်း ရောင်းချလျက်ရှိကြောင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသူတစ်ဦးထံမှ သိရသည်။

ကွမ်းရွက်ဈေးနှုန်းသည် တစ်နှစ်ထက်တစ်နှစ် ဈေးကောင်းရရှိလာသဖြင့် စိုက်ပျိုးသူများ အချိန်တိုအတွင်း ဝင်ငွေရရှိသည့် လုပ်ငန်းတစ်ခုဖြစ်၍ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူများပြားလာရာ မိသားစုအတွက် အပိုဝင်ငွေရရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)