ကသာ အောက်တိုဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကသာမြို့နယ်၊ ကျန်တောအုပ်စု၊ အောင်ပုံမြစိမ်းရောင် စီမံကိန်းကျေးရွာ၌ ကိုဗစ်-၁၉ ကာလ အတွင်း ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်အတွက် မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ်စက်ဝန်းအတွက် ချေးငွေများကို ယမန်နေ့က အဆိုပါ ကျေးရွာသို့ သွားရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကသာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျန်တောအုပ်စု၊ အောင်ပုံမြစိမ်းရောင် စီမံကိန်း ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ်စက်ဝန်းအတွက် ချေးငွေများကို အဆိုပါကျေးရွာရှိ စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူ(၁၄)ဦးအတွက် ငွေကျပ်(၆၉)သိန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ (၉၈) ဦးအတွက် ငွေကျပ်(၄၃၅)သိန်းနှင့် အရောင်းအဝယ် လုပ်ငန်း လုပ်ကိုင်သူ(၇)ဦးအတွက် ငွေကျပ်(၃၄)သိန်း၊ စုစုပေါင်းအသင်းသား(၁၁၉)ဦးအတွက် ငွေကျပ်(၅၃၈)သိန်းတို့ကို ခရိုင်နှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)