ပခုက္ကူမြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပခုက္ကူ စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးအတွက်ရည်ရွယ်၍ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများစုပေါင်း၍ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးလုပ်ငန်းကို  ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) စည်ပင်သာယာဈေးအတွင်း ကွင်းဆင်းဆောင်ရွက်ကြသည်။

အဆိုပါ ပလတ်စတစ်လျော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှူဆောင်အရာရှိ ဦးဇော်နိုင်လင်းနှင့် ဈေးတာဝန်ခံဝန်ထမ်း များစုပေါင်း၍ အမှတ်(၁)စည်ပင်သာယာရေးဈေးအတွင်း ဈေးရောင်း၊ဈေးဝယ်ပြုလုပ်နေကြသည့် ပြည်သူများနှင့် မြို့ပေါ်ရပ်ကွက်ရှိ လူစည်ကားရာနေရာများ၌ ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများ၊ ပလတ်စတစ် သုံးစွဲမှုလျော့ချရေးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်း လျော့ချရေးအတွက် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ငန်းအစီအစဉ်များ၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းနည်းလမ်းများ၊ ပြန်လည်အသုံးပြုခြင်း နည်းစနစ် များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ကြစေရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်နှင့် ပလတ်စတစ်အစားထိုး အသုံးပြုနိုင်ရန် စက္ကူအိတ်များ ဖြန့်ဝေခြင်း၊ သက်တမ်းလွန်စားသောက်ကုန်များနှင့် စားသုံးရန်မသင့်သည့် စားသောက်ကုန်များ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)