ကံမ စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ခြောက်ပင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲ(ခြောက်ပင်)၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေး များ ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသော လူငယ် စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ရာ အထက်တန်း၊ အလယ်တန်း၊ ကျောင်းသား၊ ကျောင်းသူ၊ (၃၄၈) ဦး တက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးရန်နိုင်စိုးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် လူငယ်များအနေဖြင့် အသိဉာဏ်ပညာဗဟုသုတ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာစကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်အချင်းချင်းရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်များရရှိစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သန်းသန်းဆင့်က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၄) ဦးတို့က လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်စာဖတ်ခြင်း အကျိုးကျေးဇူး၊ လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုးစသည့် ခေါင်းစဉ်မျာဖြင့် အသီးသီးပါဝင်ဆွေးနွေးခဲ့ကြသည်။ လူငယ်စကားဝိုင်းအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)