မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန၌ Youth Club အဖွဲ့ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မြောင်းမြ စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့ နံနက် ၁၀:၃၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Youth Club) အဖွဲ့နှင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် စာရေးဆရာ ညီညီဈာန်ရေးသားသည့် “လူငယ်အတွက် ဘဝလက်ဆောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခဲ့ရာ ရှေးဦးစွာ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် ဦးထက်ဝေကျော်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ခင်ဝေဝေမြင့်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ Youth Club အဖွဲ့ အတွင်းရေးမှူး ဒေါ်အေးမြတ်မြတ်မွန်က "အောင်မြင်ချင်ရင် ဉာဏ်သုံးပါ"၊ ဦးထက်ဝေကျော်က "တန်ဖိုး"၊ ‌ဦးစီးအရာရှိ ဒေါ်ခင်‌ဝေဝေမြင့်က "ပြိုင်ဖို့လိုအပ်လို့လား"၊ ဦးကျော်ရဲအောင်က "တစ်နေ့တာအစီအစဉ်"၊ မောင်သန့်ဇော်စိုးက "Qလေးလုံး" မောင်မြင့်မြတ်အောင်က "ကိုယ်ချင်းစာပါ" တို့ကို ဆွေးနွေးကြပြီး၊ တက်ရောက်သူများက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်‌ဆွေးနွေးခဲ့ကြသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ၊  ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဝေဝေ(မြောင်းမြ)