ဘိုကလေးပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ်လှုပ်ရှားမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ဘိုကလေး စက်တင်ဘာ ၄

လူငယ်သီတင်းပတ်လှုပ်ရှားမှု ရက်သတ္တပတ်အဖြစ် ယနေ့စက်တင်ဘာ(၄)ရက်မှ စက်တင်ဘာ(၈)ရက်အထိ သတ်မှတ်ထားရှိပြီး ယနေ့နံနက်(၉)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ်လှုပ်ရှားမှုအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်ရောက်၍ ဘိုကလေးပညာရေးဒီဂရီကောလိပ်မုခ်ဦးတွင် ဆရာအတတ်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ်ပညာရေးမှူး၊ ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ/မများဝန်းရံကာ  ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ဘိုကလေးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား/သူ လူငယ်၊ မောင်မယ်များ၏ ခြင်းအလှသရုပ်ပြနှင့် ကာယလှုပ်ရှားမှုများအား ကြည့်ရှုခဲ့ပြီး အဆိုပါကောလိပ်ရှိ ပညာဂုဏ်ရည်ခန်းမတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဗလငါးတန်နှင့် ပြည့်ဝသော လူငယ်မောင်မယ်များပေါ်ထွန်းဖို့ရာ လူငယ်မောင်မယ်များအား လေ့ကျင့်သင်ကြားပေးကြမည့် ဆရာ/မများတွင် တာဝန်ရှိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်ဖို့ရာအတွက် ပညာရေးသည် အဓိကအခန်းကဏ္ဍက ပါဝင်ကြောင်း၊ ထို့ကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်ထွန်းဖို့ရာအတွက် ယခုလူငယ်များသည် ပညာရေးဖြင့် ရင်းနှီးမြှုတ်နှံ၍ အားတက်သရောပါဝင်ကာ ဝိုင်းဝန်းတည်ဆောက်ရန်လိုအပ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဆရာအတတ်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က လူငယ်သီတင်းပတ် လှုပ်ရှားမှုကျင်းပရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဘိုကလေးပညာရေးဒီဂရီကောလိပ် သင်တန်းသား/သူများအတွက် ထောက်ပံ့ငွေကျပ် (၁)သိန်း ပေးအပ်ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်ခင်ချိုမြင့်က လက်ခံရယူခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့က ဘိုကလေးပညာရေးဒီဂရီကောလိပ် သင်တန်းသား/သူများ၏ စိုက်ပျိုးရေးပညာဌာန၊ စက်မှုလက်မှုပညာဌာန၊ ပန်းချီ၊အနုပညာ ဌာန၊မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ သင်္ချာဌာန၊ သိပ္ပံဌာနနှင့် လူမှုရေးဌာနများဌာနအလိုက် ဖန်တီးတီထွင်ဖွင့်လှစ်ထားမှုများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဖန်တီးတီထွင်မှုများအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ချီးကျူးအားပေးစကား ပြောကြားခဲ့သည်။

ဘိုကလေးပညာရေး ဒီဂရီကောလိပ်အနေဖြင့် လူငယ်သီတင်းပတ်လှုပ်ရှားမှုအား ယနေ့မှစတင်၍ စက်တင်ဘာ (၆)ရက်နေ့အထိ (၃)ရက်တာ လှုပ်ရှားဆောင်ရွက်သွားမည်ဖြစ်ပြီး ဘိုကလေးပညာရေးဒီဂရီ ကောလိပ်တွင် ယခုလက်ရှိ သင်တန်းတက်ရောက်နေကြသော ပထမနှစ်(ဒုတိယနှစ်ဝက်)၊ ဒုတိယနှစ် (ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက်) သင်တန်းသား စုစုပေါင်း(၄၀၀)ကျော်မှ လူငယ်သီတင်းပတ်လှုပ်ရှားမှုအား ပါဝင်လှုပ်ရှား ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)