မကွေး စက်တင်ဘာ ၄
မကွေးတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ပညာသင်နှစ် လူငယ်သီတင်းပတ် (Youth Weekly) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာချိုချိုလွင်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်လူငယ်သီတင်းပတ် (Youth Weekly) အခမ်းအနားကို မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ချိုချိုလွင်နှင့် သမိုင်းဌာန၊ ပါမောက္ခဌာနမှူး ဒေါက်တာသီတာမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မကွေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဦး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်လူငယ်သီတင်းပတ် (Youth Weekly) ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များသည် နိုင်ငံ၏အနာဂတ်ဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာများ ပြည့်စုံနေရန်လိုအပ်ပါကြောင်း၊ ဘက်စုံထူးချွန်ပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် ကြိုးစားကြစေလိုကြောင်း၊ ဆရာ/ဆရာမမျာအနေဖြင့်လည်း ကျောင်းသား/သူများအား ဘက်စုံထူးချွန်ပြီး နိုင်ငံတော်က အားကိုးအားထားပြုရသည့် လူငယ်များဖြစ်လာအောင် ပြုစုပျိုးထောင်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပါမောက္ခချုပ်နှင့်တာဝန်ရှိသူများသည် မကွေးတက္ကသိုလ်ရှိ ဘာသာရပ်ဌာနများအလိုက် ဆောင်ရွက်ထားရှိသည့် ပြခန်းများ၊ လှုပ်ရှားမှုပုံရိပ်များနှင့် လူငယ်ရေးရာအသိပညာပေး မှတ်တမ်းများ ပြသထားမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ပညာသင်နှစ်လူငယ်သီတင်းပတ် (Youth Weekly) လှုပ်ရှားမှု အစီအစဉ်တွင် Physical Fitness Dance သရုပ်ပြသခြင်း၊ မြန်မာ့သိုင်းသရုပ်ပြသခြင်း၊ ကဗျာအလွတ်အက သရုပ်ပြသခြင်း၊ ကျပန်းစကားပြောခြင်း၊ လောကနီတိဟောပြောပွဲပြုလုပ်ခြင်း၊ ဝတ်ရွတ်ပူဇော်ပွဲ ပြုလုပ်ခြင်းနှင့် မြန်မာ့ရိုးရာအစားအစာမုန့်များအား ရောင်းချခြင်းတို့ကို စက်တင်ဘာလ ၄ ရက်နေ့မှ ၈ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)