လိပ်သို စက်တင်ဘာ ၄
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်မည့် “ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က နေ့ထူးနေ့မြတ်များအကြောင်း ဗဟုသုတရရှိစေရန်နှင့် ယခုလို ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည် ဉာဏ်သွေးများ ပိုမိုထက်မြက်လာမည် ဖြစ်ကြောင်း၊ လူရှေ့သူရှေ့တွင် ပြောရဲဆိုရဲလာမည်ဖြစ်ကာ အသိအမြင် ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် မည်သည့်ပြိုင်ပွဲကိုမဆို ဆုရသည်၊ မရသည် အဓိကမထားပဲ ပါဝင်ယှဉ်ပြိုင်စေလိုကြောင်း ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲများအား ဆက်လက်ပြုလုပ်ရာ မူလတန်း ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၀) ဦးတို့က မိမိတို့ ပြိုင်ပွဲများ ခေါင်းစဉ်အလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများအား မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျောင်းသုံးဗလာစာအုပ်များ၊ ဘောလ်ပင်များကို အမှတ်တရ ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် ပြိုင်ပွဲများအပြီးတွင် ကျောင်းသား/ကျောင်းသူများသည် ပြည်သူ့စာကြည့်တိုက်အတွင်း ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)