တောင်ငူတက္ကသိုလ်၌ လူငယ်သီတင်းပတ် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

တောင်ငူ စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူတက္ကသိုလ်၌ လူငယ်သီတင်းပတ်အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က တောင်ငူတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ တောင်ငူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်ညွန့်က လူငယ်သီတင်းပတ် အထိမ်းအမှတ်အခမ်းအနားအား ဘွဲ့နှင်းသဘင်ခန်းမရှေ့မျက်နှာစာတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စျေးရောင်းပွဲတော်ကို ကြည့်ရှုသည်။ ဆက်လက်၍ တောင်ငူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမြတ်ညွန့်က ဘွဲ့နှင်းသဘင်ခန်းမတွင် အဖွင့်အမှာစကားပြောကြားပြီး လူငယ်သီတင်းပတ် အထိမ်းအမှတ်အခမ်းအနားအား ကျင်းပရာ တောင်ငူတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ပဒေသာကပွဲ၊ ဆံကေသာအလှပြပွဲ၊ အမျိုးသမီးဖက်ရှင်ပြပွဲနှင့် ရိုးရာခြင်းအလှခတ်ခြင်းတို့ဖြင့် ဖြေဖျော်ကြပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ (ဌာနမှူး) ဆရာ၊ ဆရာမကြီးများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ လူငယ်သီတင်းပတ် အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ကာယအလှမယ်ပြပွဲ၊ ဆံကေသာအလှပြပွဲ၊ ပဒေသာကပွဲ၊ အမျိုးသားဖက်ရှင်ပြပွဲ၊ ခြင်းအလှခတ်ပြပွဲ၊ တိုက်ကွမ်ဒိုစွမ်းရည်ပြပွဲ၊ ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ဘာသာရပ်အချင်းချင်း Student Exchange လေ့လာရေးသွားလာခြင်း၊ စာတမ်းဖတ်ပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ မိတ်ဆုံညစာစားပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)