မြိတ် စက်တင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မီးသတ်ဦးစီးဌာနတွင် မီးသတ်တပ်ဖွဲ့၏ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၌ ယာဉ်မောင်းများအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်ဖွဲ့ဝင်များကို ယာဉ်မောင်းနှင်ကျွမ်းကျင်မှုရှိမှသာ ပြည်သူလူထုကို ထိရောက်စွာ အကာအကွယ်ပေးနိုင်မည်ဖြစ်သည့်အတွက် မြိတ်ခရိုင် မီးသတ်ဦးစီးဌာနမှူးရုံးတွင် ယာဉ်မောင်း (မွမ်းမံ)သင်တန်း အမှတ်စဉ်(၄/၂၀၂၃)ကို စက်တင်ဘာ(၄)ရက် နံနက် ပိုင်းက ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို မီးသတ်ဦးစီးဌာနတွင် အသုံးပြုလျက်ရှိသည့် ယာဉ်အမျိုးမျိုး၊ မီးသတ်ယာဉ်/ စက်များ ကိုင်တွယ်မောင်းနှင်ရာတွင် ယာဉ်မောင်းသူ တစ်ဦးအနေနဲ့ ရေ၏ အလေးချိန်၊ ဖိအားနဲ့လှုပ်ရှားမှုသဘော တရားများ ကို နားလည်သိရှိပြီး ဥပဒေ၊ နည်းဥပဒေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများနဲ့အညီ စနစ်တကျ မောင်းနှင်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယာဉ်မောင်းမွမ်းမံသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်သည်။
သင်တန်းတွင် လက်တွေ့ယာဉ်မောင်းနှင်ခြင်း၊ ယာဉ်တစ်စီး၏ အခြေခံဖြစ်သော အင်ဂျင်အလုပ်လုပ်ပုံ၊ အင်ဂျင်အမျိုးအစားနဲ့ အဓိကအစိတ်အပိုင်းများ၊ ဓါတ်ဆီ၊ ဒီဇယ်ဆီ ထောက်ပံ့မှုစနစ်များ၊ ချောဆီပေးပို့မှုစနစ်များ၊ ကလပ်နဲ့ဘရိတ် အလုပ် လုပ်ပုံ၊ ရေစုပ်၊ ရေပက်ခြင်းသင်ခန်းစာများစသော မီးသတ်ယာဉ်နဲ့ သက်ဆိုင်သည့် သင်ခန်းစာတွေကို စာတွေ့/လက်တွေ့ လေ့ကျင့်သင်ကြားပေးမှာဖြစ်သလို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ယာဉ်မောင်းနှင်မှု အရည်အချင်းကို နည်းပြဆရာများက စစ်ဆေးပြီး မီးသတ်ယာဉ်မောင်း တာဝန်ပေးအပ်နိုင်ရေးအတွက် ပြန်လည်လေ့ကျင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က အမှာစကား ပြောကြား၍ သင်တန်း ဖွင့်လှစ်ပေးသည်။ အဆိုပါ သင်တန်းကို မြိတ်ခရိုင်ရှိ မြို့နယ် မီးသတ်ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသည့် တပ်ဖွဲ့ဝင်(၂၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ ရက်သတ္တပတ် (၂)ပတ်ရက်ကြာ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )