မြိတ် စက်တင်ဘာ ၄
မြိတ်တက္ကသိုလ်တွင် ဗလငါးတန်ဖွံ့ဖြိုးသည့် ကျောင်းသား/သူများ ဖြစ်စေရေးအတွက် လူငယ်ရေးရာ လှုပ်ရှားမှု သီတင်းပတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ဘာသာရပ်ပေါင်းစုံ Myanmar Fitness Dance ကကွက်များ ကပြကစားခြင်းနှင့် မြန်မာ့ရိုးရာ ခြင်းလုံးခတ်ကစားနည်းအား သရုပ်ပြခတ် ကစားခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
လူငယ်ရေးရာလှုပ်ရှားမှု သီတင်းပတ် အခမ်းအနားကို မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်းက အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးသည်။ ထိုနောက် တက္ကသိုလ် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများက ဘာသာရပ်အလိုက် Myanmar Fitness Dance ကကွက်များ ကပြကစားခဲ့ကြသည်။ ထို့နောက် မြန်မာ့ရိုးရာခြင်းလုံး ခတ်ကစားနည်းအား ဒဿနိကဗေဒ ကျောင်းသားများက သရုပ်ပြ ခတ်ကစားခဲ့ကြသည်။
ဆက်လက်၍ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ Myanmar Fitness Dance ကကွက်များအား သရုပ်ပြကစားခဲ့ကြသည်။ မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားမျိုးစုံ ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ/မများနှင့် ကျောင်းသား/သူများ ကဏ္ဍအလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)