မြိတ် စက်တင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ကမ္ဘာ့ရှေးဦးပြစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း ပတ်တီးစွမ်းရည်၊ ဉာဏ်စမ်းနှင့် အထွေထွေ ဗဟုသုတရေးဖြေ ပြိုင်ပွဲကို မြိတ်မြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ ယမန်နေ့က အ.ထ.က(၁) ကျောင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတို့တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကမ္ဘာ့ရှေးဦးပြစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် ရှေးဦးပြုစုခြင်း အကြောင်းအရာများ၊ ကြက်ခြေနီနှင့် ပတ်သက်သော ဗဟုသုတများ၊ ကျန်းမာရေးနှင့် ပတ်သက်သော ဗဟုသုတများ စသည့် မေးခွန်းများ ပါဝင်သည့် အထွေထွေ ဗဟုသုတရေးဖြေပြိုင်ပွဲကို အ.ထ.က(၁)ကျောင်းတွင် ကျင်းပခဲ့ရာ အထက်တန်း/ အလယ်တန်းကျောင်းကြက်ခြေနီ အသင်းဝင်များ၊ တက္ကသိုလ်ကြက်ခြေနီ အသင်းဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖြေဆို ခဲ့ကြသည်။
အထွေထွေဗဟုသုတ ရေးဖြေပြိုင်ပွဲကို ကြက်ခြေနီအသင်းဝင်များနှင့် တပ်ဖွဲ့ဝင် စုစုပေါင်း (၁၄၂)ဦး ဝင်ရောက်ဖြေဆိုနေမှုအား မြိတ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေ၊ တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ ဒုတိုင်းတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အတူ ကမ္ဘာ့ရှေးဦးပြစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း ပတ်တီးစွမ်းရည်၊ ဉာဏ်စမ်း ပြိုင်ပွဲကို မြို့နယ်ကြက်ခြေနီအသင်းရုံးတွင် နှစ်ယောက်တွဲ ပတ်တီးစွမ်းရည်ပြိုင်ပွဲနှင့် ကျင့်ဝတ် အပါး (၅၀)ရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့ရာ အသင်းဝင်နှင့်တပ်ဖွဲ့ဝင် (၂၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ကမ္ဘာ့ရှေးဦးပြစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)