ရေဖြူ စက်တင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကျေးရွာအချို့၌ တစ်ပိုင်တနိုင် ဝက်မွေးမြူရေးလုပ်ကိုင်ကြရာ ယခု စက်တင် ဘာလတွင် ဈေးလျော့ရောင်းချရမှု ၊ အစာဈေးကြီးမှုကြောင့် လုပ်ငန်းရပ်နားသူအချို့ရှိနေကြောင်း ဝက်မွေးမြူရေးလုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။
ရေဖြူမြို့နယ်ရှိ မင်းဒပ်၊ သစ်တိုထောင့်၊ ဧကနိ၊ ဒူးတောင်၊ ရငဲ ကျေးရွာ၌များ မြေနေရာ ခြံဝင်းကျယ်များတွင် ဝက်ခြံများတည်ဆောက်ကာ မျိုးသန့်ဝက်များကို (၁၀)ကောင် (၁၅)ကောင်မှ အကောင်(၄၀)အထိမွေးမြူကြသည်။
"အရင်လက ထားဝယ်ဒိုင်တွေက ဝက်အကောင်လိုက်ရောင်းချရာ တစ်ပိဿာကို (၁၀၀၀၀/) ကျပ်ဈေးရရှိခဲ့ပေမယ့် ယခုစက်တင်ဘာလတွင် တစ်ပိဿာ(၈၀၀၀/)နှင့် (၈၅၀၀/)ကျပ်သာ ပေးဝယ်တော့သည်ဟုသိရသည်။ ဝက်အစာဈေးတွေ ကြီးလာတာရယ် ဝက်ဈေးကျတာရယ် ကြောင့် အမြတ်နည်းကြောင်း" ဝက်မွေးမြူသူ (ခ)ရပ်ကွက်နေ ကိုဇေက ပြောသည်။
ဝက်ကလေးတစ်ကောင်ကို (၁၂၀၀၀၀/)ကျပ်နဲ့ဝယ်ပြီး အစာကျွေးမွေးတာ သုံးလအကြာမှာ အရွယ်ရောက် ဝက်တစ်ကောင်(လေးလသား)ကို (၃၀၀၀၀၀/)ကျပ်နှင့် ပြန်ရောင်းရကြောင်း၊ ဝက်တစ်ကောင်အစာဖိုးအရင်ကတစ်သိန်း လောက်ကုန်ပေမယ့် ယခုအချိန်တွင် တစ်သိန်းခွဲ လောက်ကုန်ကျစရိတ်ရှိလာကြောင်း၊ ဝက်သားဈေးကျတာရယ်ကြောင့် အမြတ်ရနည်းပြီး တွက်ချေမကိုက်တော့ကြောင်းသိရသည်။
ရေဖြူမြို့နယ်တွင် ဝက်မွေးမြူရေး လုပ်ကိုင်သူများပြီး ထားဝယ်မြို့ကကားဖြင့်လာရောက် ဝယ်ယူကြတာကြောင့် ဝက်မွေးမြူရေး လုပ်ငန်းကနေ မိသားစုဝင်ငွေရရှိသော်လည်း ယခုအချိန် အမြတ်အစွန်းနည်းပါးမှုကြောင့် အချို့မွေးမြူရေးလုပ်ကိုင်သူများ လျော့မွေးခြင်း၊ လုပ်ငန်းရပ်နားခြင်းတို့ ရှိလာကြောင်း သိရသည်။
ခတ္တာ