နတ်မောက် စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ပြပွဲ၊ ပြိုင်ပွဲနှင့် စာဖတ်ဝိုင်းများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre )အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည်တိုးတက်စေရန်၊ စဉ်းစားတွေးခေါ်တတ်သည့် အလေ့အကျင့်နှင့် လူတော်လူကောင်းများ ပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့် သားကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်ရှိ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများရှိ ကျောင်းသား/သူများဖြင့် ပြပွဲ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများနှင့် ပန်းချီပြိုင်ပွဲများကျင်းပနိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်ပညာရေးမှူးကိုယ်စား လက်ထောက်ကြီးကြပ်ရေးမှူးက ကျောင်းများတွင် ကျောင်းသား/သူများအား “ဗလငါးတန်ပြည့်စုံဖို့ စာတတ်မြောက် အောင်သင်ယူစို့” ခေါင်းစဉ်ဖြင့် ပြိုင်ပွဲများပြုလုပ်ရန်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ပန်းချီ၊ စာစီစာကုံး ပြိုင်ပွဲများပြုလုပ်သွားရန် ဆွေးနွေးပြောကြားခဲ့သည်။ ပြိုင်ပွဲဝင်မည့် အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က (အောင်ဆန်း)၊ အ.လ.က(တမာပင်)ကျောင်းများရှိ ဆရာ/မများက ထက်/လယ်ဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာနှင့် ပုံပြောပြိုင်ပွဲများတွင် ကျင်းပမည့် နေ့ရက်၊ ပြိုင်ပွဲဝင် ကျောင်းသား/သူဦးရေ၊ စည်းကမ်းများ၊ အချိန်၊ အမှတ်ပေးဇယားများနှင့်ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့သည်။
လှဝင်း