ဖျာပုံ စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ(၆)နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး၊ ခရိုင်အဆင့်ပြိုင်ပွဲဆုချီးမြှင့်ပွဲတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆုရရှိကြသူများအနေဖြင့် ဆက်လက်ကြိုးစားကြစေလိုကြောင်း၊ တိုင်းဒေသကြီးအဆင့်နှင့် ဗဟိုအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ရရှိအောင် ကြိုးစားကြစေလိုကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ရာ မဟာဂီတဝါသနာရှင်(ပ)တွင် ပထမဆုရရှိသူ ဦးရဲထွဋ်နှင့် ဒုတိယ၊ တတိယဆု ရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆုများပေး အပ်ချီးမြှင့်ပြီး၊ ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆုရရှိသူများအား၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ အဆိုပါ (၂၄) ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး ခရိုင်အဆင့်ပြိုင်ပွဲသို့ ကျား(၂၄)ဦး၊ မ(၈၁)ဦး၊ စုစုပေါင်း(၁၀၅)ဦး ပါဝင်ယှဥ်ပြိုင်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင်(ပြန်/ဆက်)