လွိုင်ကော် စက်တင်ဘာ ၄
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ယမန်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် သီရိမင်္ဂလာဗဟိုဈေး အဆင့်မြှင့်တင်နေမှု ဈေးအတွင်းရောင်းဝယ်ဖောက်ကားနေမှုများနှင့် မြို့တွင်းတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သီရိမင်္ဂလာဗဟိုဈေးကြီး၌ ဆန်၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းအမျိုးမျိုးတို့ ရောင်းချနေမှုများအား လှည့်လည်ကြည့်ရှုခဲ့ပြီး ဈေးဝယ်ပြည်သူများနှင့် ဈေးရောင်းချသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သီရိမင်္ဂလာဗဟိုဈေးကြီးအတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဈေးရုံ (၂) ရုံ တည်ဆောက်ခြင်း၊ အသား/ငါး၊ ယင်လုံဈေးရုံတည်ဆောက်ခြင်းနှင့် ဈေးရုံ (၁၂) ရုံ အမိုးပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးရုံးခန်းမ၌ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ ဈေးအကျိုးတော်ဆောင်များနှင့် တွေ့ဆုံ၍ ဈေးကြီးအတွင်း ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသပ်ရပ်စွာ ရောင်းဝယ်နိုင်ရေး၊ ပြည်သူများအား သက်သာသောနှုန်းထားနှင့် သန့်ရှင်းလတ်ဆတ်၍ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်များ ရောင်းချပေးနိုင်ရေး၊ ကုန်ဈေးနှုန်းများတည်ငြိမ်မှန်ကန်မှုရှိစေရေး၊ ဈေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကင်းရှင်းစေရေးတို့အတွက် တာဝန်ရှိသူများက စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်ဝန်းအတွင်း ကားဂိုဒေါင်တည်ဆောက်ပြီးစီးမှုနှင့် မြို့ရွာသန့်ရှင်း သာယာလှပရေးနှင့် မြို့ရေပေးဝေရေးတွင် အသုံးပြုနေသည့် ယာဉ်ယန္တရားများ ကြံ့ခိုင်မှုရှိစေရေးအတွက် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လွိုင်ကော်မြို့၊ လောဓမ္မရပ်ကွက်ရှိ သပြေလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လမ်းအရည်အသွေးပြည့်မှီစေရေး၊ လမ်းပုခုံးနှင့် ရေနှုတ်မြောင်းများ သတ်မှတ်အရွယ်အစားအတိုင်း အရည်အသွေးပြည့်မှီစွာဖြင့် ဆောင်ရွက်ရန် မှာကြားခဲ့ပြီး သီရိမင်္ဂလာတောင်တော် (တောင်ကွဲစေတီ) သို့ ဆက်လက်သွားရောက်ကာ သီရိမင်္ဂလာတောင်တော် ဓမ္မာရုံတည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)