သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး၊ ထိုးနှံပေး

သရက်ချောင်း   စက်တင်ဘာ    ၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ထမ်းများက ကလေးသူငယ်များအား ကိုယ်အပူချိန်တိုင်းခြင်း၊ စာရင်းရေးသွင်းခြင်း တို့ကိုဆောင်ရွက်ပေးခဲ့ပြီး မွေးကင်းစမှ အသက်(၂)နှစ်အောက်ကလေးသူငယ်များကို ဆုံဆို့ကြက်ညှာချောင်းဆိုး၊ အသည်းရောင်သားအဝါ(ဘီ)၊ ဘီစီဂျီ၊ ပိုလီယို၊ ဦးနှောက်အမြှေးရောင်ရောဂါစသည့် (ငါးမျိုးစပ် ကာကွယ်ဆေး) ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဝက်သက်-ဂျိုက်သိုးစသည့် ကာကွယ်ဆေးများကို အသက်အရွယ်အလိုက်သတ်မှတ် အကြိမ်တိုင်း ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေးတိုက်ကျွေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်းကို စက်တင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရှိသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)