ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကျင်းပ

မကွေး စက်တင်ဘာ ၃

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်များ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၏ (၂၅) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မကွေး တိုင်းဒေသကြီးတရားလွှတ်တော်၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ် ဦးမြင့်သိန်း၊ တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးရာဦးစီးမှူးနှင့် ခရိုင်/မြို့နယ်တရားသူကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားတွင် တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမြင့်သိန်းက အဖွင့်အမှာစကား ပြောကြားရာတွင် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်တရားသူကြီးချုပ်၏ မှာကြားချက်များ အား တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်တရားသူကြီးများ သိရှိနိုင်ရေးအတွက် ထပ်ဆင့် ရှင်းလင်း ပွဲကို ပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ တရားစီရင်ရေးဆိုင်ရာကိစ္စများတွင် ပြည်သူများ ယုံကြည်မှု ရှိစေရေး၊ မှန်ကန်မှုရှိစေရေးနှင့်တရားမျှတမှုရှိစေရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်သလို နှောင်နှေးမှုမရှိစေရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းနှင့် စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားသူကြီး(၁) ဒေါ်မိမိမော်နှင့် တရားသူကြီး(၂) ဒေါ်သင်းသင်းချိုတို့က ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီးများ၏ မှာကြားချက်များနှင့်တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များကိုလည်းကာင်း ထပ်ဆင့်ရှင်းလင်း ဆွေးနွေး ခဲ့ကြပြီး တိုင်းဒေသကြီးတရားရေးဦးစီးမှူး ဦးခင်မောင်မြင့်က ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လက်ရှိဆောင်ရွက်နေ သည့် လုပ်ငန်းများ နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲကို တက်ရောက်လာကြသော ခရိုင်/မြို့နယ်တရားသူကြီးများက မိမိတို့ခရိုင်/မြို့နယ်ရုံးများတွင် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီးတရားရေးရာဦးစီးမှူးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးရာဦးစီးမှူးနှင့် တိုင်းဒေသကြီး/ခရိုင်မြို့နယ်တရားရုံးများမှ တရားသူကြီး များ စုစုပေါင်း (၇၂) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုစည်သူ (မကွေး)