ကျုံဒိုးမြို့၌ နေအိမ်ပြင်ပထွက်သူများ နှာခေါင်းစည်းတပ်ဆင်ရေးစစ်ဆေး

ကော့ကရိတ် အောက်တိုဘာ ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပ ထွက်သူများ နှာခေါင်းစည်းတပ်ဆင်၍ သွားလာရေး စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သည့် ကျုံးဒိုး မြို့မရဲစခန်းလမ်းဆုံ၊ ကမ်းနားစျေး၊ ကုန်ပေါ်စျေးတို့တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကျုံဒိုးမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ နယ်မြေရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့တို့ ပူးပေါင်း၍ အိမ်အပြင်သို့ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ သွားလာကြသူများကို တစ်ဦးလျှင် နှာခေါင်းစည်း တစ်ခုအတွက် ၅၀ ကျပ်၊ ဒဏ်ငွေအဖြစ် ၁၅၀ ကျပ် စုစုပေါင်း ၂၀၀ ကျပ်အား ဒဏ်ငွေပေးဆောင်စေခြင်းနှင့် အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း တပ်ဆင်သွားလာရေး အသိပေးပြောကြားခဲ့သည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းကို အောင်တိုဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့ထိ စစ်ဆေး ဆောင်ရွက်လျက်ရှိရာ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသူ (၂၂၄) ဦးအား ဒဏ်ငွေများ ပေးဆောင် လျက်ရှိကြောင်း ကျုံဒိုးမြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)