ကန့်ဘလူမြို့နယ်၌ ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေး

ကန့်ဘလူ စက်တင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် အသက် ၂ နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန် ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးရန် လာရောက်ကြသူ ကလေးငယ်များ၏ ကာကွယ် ဆေးထိုးမှတ်တမ်းကတ်တွင် ကျန်းမာရေးဝန်ထမ်းများက အသက်အရွယ်အပိုင်းအခြားအလိုက် ဆေးတိုက်၊ ဆေးထိုးရမည့် စာရင်းများ ရေးသွင်းခြင်း၊ ဆက်လက်ထိုးနှံရမည့် ရက်စွဲများ ရေးသွင်းခြင်းများဆောင်ရွက်ပြီး ဘက်စုံသားဖွားဆရာမများ၊ သူနာပြုဆရာမများက စနစ်တကျ ထိုးနှံတိုက်ကျွေးပေးကြသည်။

ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းလုပ်ငန်းများကို စက်တင်ဘာ ၁ ရက်မှ စတင်ထိုးနှံပေးခဲ့ ရာ ထိုနေ့တွင် အသက် ၂ နှစ်အောက် ကလေးငယ် ၂၈၈ ဦး၊ ကိုယ်ဝန်ဆောင်မိခင် ၂၉ ဦးကိုလည်းကောင်း၊ စက်တင်ဘာ ၂ ရက်က ကလေးငယ် ၁၉၈ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၂၀ ဦးကိုလည်းကောင်း၊ ယနေ့(စက်တင်ဘာ ၃ ရက်)တွင် ကလေးငယ် ၁၇၈ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၆၃ ဦးတို့ကိုလည်းကောင်း ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်းနှင့် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများ၊ ကျွန်းလှမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်နှင့် တန့်ဆည်မြို့နယ်တို့မှလည်း လာရောက်ကြကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)