ပြည် စက်တင်ဘာ ၃
၂၀၂၃ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သိရီရတနာခန်းမ၌ ကျင်းပရာ ရှေးဦးစွာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး မျိုးမင်းမင်းတို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က မိမိတို့ပြည်ခရိုင်အနေဖြင့် ယမန်နှစ်က တိုင်းဒေသကြီးအဆင့်(၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၃၆ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိမှုအနေဖြင့် ရွှေ(၃)ဆု၊ ငွေ(၇)ဆု၊ ကြေး(၁)ဆုနှင့် နှစ်သိမ့်ဆု(၁)ဆု စုစုပေါင်း(၁၇)ဆုရရှိခဲ့ပြီး ရွှေနှင့် အထူးဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်အမျိုးအစား (၈)ခုမှ ဗဟိုအဆင့်သို့ ဆက်လက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး အနုသုခုမပညာရပ်များကို မြတ်နိုးသူဝါသနာရှင်များ၊ ပညာရှင်များအနေဖြင့် ယခုကျင်းပသည့် ခရိုင်အဆင့်မှသည် တိုင်းဒေသကြီးအဆင့်နှင့် နိုင်ငံတော်ဗဟိုအဆင့်အထိ သက်ဆိုင်ရာ ပြိုင်ပွဲများအသီးသီးတွင် အောင်မြင်မှုများရရှိပြီး ထူးချွန်သည့် အနုပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်နိုင်ကြပါစေကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
ယင်းနောက် ပြည်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ပျူယဉ်ကျေးမှုအကဖြင့် ကပြဖျော်ဖြေကြပြီး (၂၄)ကြိမ်မြောက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ စတင်ကျင်းပရာ အခြေခံပညာ (၁၅-၂၀) အဆင့် (ခေတ်ဟောင်း/ကာလပေါ်) အမျိုးသား/အမျိုးသမီး အဆိုပြိုင်ပွဲတွင် စုစုပေါင်း(၈)ဦး၊ အခြေခံပညာ (၁၀-၁၅) အဆင့် အကပြိုင်ပွဲတွင် (၃)ဦးနှင့် အခြေခံပညာ(၁၅- ၂၀)အဆင့် အကပြိုင်ပွဲတွင် (၂)ဦး စုစုပေါင်းပြိုင်ပွဲဝင်(၁၃)ဦးပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ကဏ္ဍအလိုက် အနုပညာရှင်၊ အတတ်ပညာရှင်ဒိုင်အဖွဲ့များက အကဲဖြတ်အမှတ်ပေးရွေးချယ်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး တိုင်းဒေသကြီးအဆင့်တွင် ဆက်လက်အောင်မြင်မှုရရှိရေး အားပေးစကားများ ပြောကြားကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)