ပေါင်းတည်မြို့၌ ၅၉ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

ပေါင်းတည် စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် မြို့နယ်ရဲတပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဇော်နိုင်၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူးရဲမြင့်နှင့် ဒုတိယရဲအုပ် နေမျိုးအောင်တို့ ဦးစီးကာ အရာရှိ၊ အရာခံ၊ အကြပ်တပ်သား စုစုပေါင်း ၁၅ ဦးတို့က သွေးလိုအပ်သော ပြည်သူများ၏ အသက်ကို ကယ်တင်နိုင်ရန်အတွက် မိမိတို့တပ်ဖွဲ့ဝင်များ၏ သွေးများကို လာရောက် ဇီဝိတဒါနပြု လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ထို သွေးလှူဒါန်းမှုကို မြို့နယ်ပြည်သူကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်က ကျန်းမာရေးဝန်ထမ်းများနှင့်အတူ အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးကြပြီး ရဲတပ်ဖွဲ့ဝင်များမှ O သွေး ၈ဦး၊ A သွေး ၃ဦး၊ B သွေး ၂ ဦးနှင့် AB သွေး ၂ ဦး အသီးသီး လှူဒါန်းခဲ့ကြောင်း သိရသည်။

သူရကြီး( ပြန်/ဆက်)