ဖြူး စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများစျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် စက်တင်ဘာလ(၃)ရက်နေ့၊ နံနက်ပိုင်းမှစတင်ကာ ဖြူးမြို့မစျေးအနီး၌ စားသုံးဆီများရောင်းချပေးလျက်ရှိရာ ပြည်သူများတန်းစီစနစ်ဖြင့် လာရောက်ဝယ်ယူကြကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဖြူးမြို့မစျေးအနီး၌ နေ့စဉ်မပြတ်ရောင်းချပေးလျက်ရှိရာ နှစ်လတာရှိခဲ့ပြီဖြစ်ပြီး ယနေ့တွင် စားသုံးဆီကိုပါ ရောင်းချပေးခြင်းဖြစ်ကြောင်းနှင့် ထိုသို့ရောင်းချပေးရာတွင် လတ်တလော ရောင်းချပေးနေသည့် စားသုံးဆီဈေးထက် စျေးနှုန်းလျှော့ချကာ စားသုံးဆီတစ်ပိဿာလျှင် (၄၄၀၀) ကျပ်နှုန်းဖြင့် တစ်ဦးလျှင်(၅၀)ကျပ်သား စုစုပေါင်းပိဿာချိန် (၃၀၀)ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)