ဖျာပုံ စက်တင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကျင်းပသော (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဥ်ပြိုင်နိုင်ရေး၊ ခရိုင်အဆင့်ပြိုင်ပွဲကို ယနေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ သီရိအဏ္ဏဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင် ယှဥ်ပြိုင်နိုင်ရေး၊ ခရိုင်အဆင့်ပြိုင်ပွဲနှင့်ပတ်သက်၍ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် အတီးပြိုင်ပွဲဝင် မခိုင်ဝတ်ရည်က စောင်းဖြင့်တီးခတ် ဖျော်ဖြေခြင်း၊ အကပြိုင်ပွဲဝင် မောင်သိန်းဇော်ဖြိုးက တစ်ပင်တိုင်အကဖြင့် ဖျော်ဖြေခြင်း၊ အရေးပြိုင်ပွဲဝင် ဦးယဥ်နွယ်မှ ကိုယ်တိုင်ရေး တေးသီချင်းဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ ဆက်လက်၍ ဖျာပုံခရိုင်(၄)မြို့နယ်မှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များက ပြိုင်ပွဲဘာသာရပ်အလိုက် ပါဝင်ယှဥ်ကြရာ ပြိုင်ပွဲဝင်ကျား(၂၄)ဦး၊ မ(၈၁)ဦး၊ စုစုပေါင်း (၁၀၅)ဦး ပါဝင်ယှဥ်ပြိုင်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်၊ ပြန်/ဆက်)