ပွင့်ဖြူ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)က ယခု ၂၀၂၃-၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် တိုင်းဒေသကြီး အတွင်းရှိ ဒေသခံတောင်သူများကို စပါးမျိုးကောင်းမျိုးသန့်များ ဖြန့်ဖြူးပေးနိုင်ရန်အတွက် စပါးမျိုးကွဲ (၄)မျိုးဖြစ်သည့် မနောသုခ၊ ဆင်းသုခ၊ ဧရာမင်း၊ ရတနာတိုး စပါးမျိုးများကို မျိုးစေ့ထုတ်စိုက်ဧက ၁၂၀ ဧက အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တာဝန်ခံ ဦးအောင်ချစ်ထံက သိရသည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)သည် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဒေသခံတောင်သူများကို ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ နှစ်စဉ်မျိုးကောင်းမျိုးသန့် စပါးနှင့်ကုလားပဲမျိုးသန့် မျိုးစေ့များကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ အဆိုပါ မျိုးကောင်းမျိုးသန့်မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးရာတွင် မျိုးသန့်ခြံဝန်းရှိ စိုက်ပျိုးလယ်မြေဧက ၁၂၀ ဧကတွင် စနစ်တကျစိုက်ပျိုးပြီး ထွက်ရှိလာသော သီးနှံမျိုးစေ့များကို စနစ်တကျ မျိုးသန့်မျိုးစေ့ထုတ်လုပ်ကာ တိုင်းဒေသကြီးအတွင်းရှိ မျိုးစေ့လိုအပ်သည့် ဒေသခံတောင်သူများကို ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
"ယခု၂၀၂၃ - ၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)အနေနဲ့ တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများကို စပါးမျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး မျိုးသန့်ခြံရှိ စိုက်ပျိုးလယ်မြေဧက ၁၂၀ မှာ မျိုးစေ့ထုတ် စပါးမျိုးကွဲ(၄)မျိုးဖြစ်တဲ့ မနောသုခ၊ ဆင်းသုခ၊ ဧရာမင်း၊ ရတနာတိုး စပါးမျိုးများကို ဧက ၁၂၀ ကို ဇူလိုင်လ ဒုတိယပိတ်ကစတင်ပြီး အကောင်အထည်ဖော်စိုက်ပျိုးခဲ့ရာ ဩဂုတ်လ ၂၁ ရက်နေ့မှာ ရာနှုန်းပြည့်စိုက်ပျိုးပြီးစီးခဲ့ပါတယ်။ စပါးမျိုးကွဲ(၄)မျိုး စိုက်ပျိုးမှုအနေနဲ့ဆိုရင် ဆင့်ပွားမျိုး အစီအစဉ်နဲ့ မနောသု (၁)ဧက၊ ဆင်းသုခ (၂ ဒသမ ၅၀) ဧက၊ ဧရာမင်း (၁)ဧက၊ ရတနာတိုး (သုည ဒသမ ၅၀)ဧက စိုက်ပျိုးသွားမှာဖြစ်ပြီး မျိုးသန့်မျိုးပွားအနေနဲ့ မနောသုခ (၂၀)ဧက၊ ဆင်းသုခ(၇၆)ဧက၊ ဧရာမင်း (၁၂)ဧက၊ ရတနာတိုး (၇)ဧက၊ စုစုပေါင်း စပါးမျိုးကွဲ(၄)မျိုး မျိုးစေ့ထုတ်စိုက်ဧက ၁၂၀ ဧက စိုက်ပျိုးဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိမှာတော့ စိုက်ပျိုးထားရှိပြီးဖြစ်တဲ့ မျိုးစေ့ထုတ်စပါးစိုက်ခင်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန်နှင့် ပန်းတိုင်သီးနှံအထွက်နှုန်းရရှိဖို့အတွက် လိုအပ်တဲ့ပေါင်းနုတ်ခြင်း၊ မြေဩဇာကျွေးခြင်း၊ မျိုးကွဲပယ်ခြင်းစတဲ့ လုပ်ငန်းတွေကိုလုပ်ဆောင်လျက်ရှိပါတယ်။ မျိုးစေ့ထုတ်စိုက်ခင်းများမှ ထွက်ရှိလာမယ့် စပါးတွေကို မျိုးသန့်စင်စက်ဖြင့် စနစ်တကျ မျိုးသန့်စင်ပြီး ဒေသတွင်းရှိ တောင်သူဦးကြီးများနဲ့ တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများကို ထုတ်လုပ်ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)တာဝန်ခံ ဦးအောင်ချစ်က ပြောသည်။
ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)အနေဖြင့် နှစ်စဉ်ဒေသတွင်းရှိ တောင်သူများကို စပါးမျိုးကောင်း မျိုးသန့်မျိုးစေ့နှင့် ကုလားပဲမျိုးကောင်းမျိုးသန့် မျိုးစေ့များကို စနစ်တကျ စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးပေးလျက်ရှိသဖြင့် ဒေသခံတောင်သူများ စိုက်ပျိုးရေးအတွက် လိုအပ်သော မျိုးကောင်းမျိုးသန့်မျိုးစေ့ကို အဆင်ပြေစွာ ဝယ်ယူစိုက်ပျိုးခွင့်ရရှိသဖြင့် များစွာအဆင်ပြေလျက်ရှိကြောင်း သိရသည်။ ထို့အပြင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်သည် စိုက်ပျိုးရေ ပေါကြွယ်ဝသည့်အပြင် ရေမြေသဘာဝနှင့် ရာသီဥတုမျှတကောင်းမွန်မှုကြောင့် နှစ်စဉ် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ်နိုင်သည့် မြို့နယ်တစ်ခုလည်းဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)