မယ်ဘေ့ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

မင်းဘူး စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် မယ်ဘေ့ကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ကျင်းပသော လူငယ်စကားဝိုင်းကို စက်တင်ဘာ ၁ ရက် နံနက် ၁၀ နာရီက ကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမွန်က အမှာစကားပြောကြားပြီး၊ ကျောင်းအကျိုးတော်ဆောင်နှင့် ရပ်မိရပ်ဖ တစ်ဦးဖြစ်သူ စာရေးဆရာ၊ ဆရာကြီး ဦးကျော်စိန်ဝင်းက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသော ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေသည့်အပြင် ပေါင်းစုလုပ်ကိုင်တတ်သော အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာခြင်း၊ လူငယ်အချင်းချင်း အသိပညာဖလှယ်ကြတတ်စေခြင်း၊ ပြောရဲဆိုရဲရှိခြင်း၊ တွေးခေါ်မျှော်မြင် ကြံဆတတ်ခြင်းတို့ကို ရရှိစေမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို စတင်ဆွေးနွေးပြောကြားရာ Grade 10 ကျောင်းသူ မဝင်းပပအောင်က လူငယ်နှင့် ပညာရေး၊ Grade 11 ကျောင်းသား မောင်ဟိန်းထက်မောင်က လူငယ်နှင့် စာရိတ္တ၊ Grade 12 ကျောင်းသူ မရွှေရည်ဖူးက လူငယ်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူး၊ Grade 11 ကျောင်းသူ မစုသန္တာအောင်က လူငယ်နှင့် ကျန်းမာရေးနှင့် Grade 12 ကျောင်းသား မောင်ဟိန်းသန့်ထွန်းက လူငယ်နှင့် ယဉ်ကျေးမှု ခေါင်းစဉ်များဖြင့် ဆွေးနွေး ပြောကြားခဲ့ကြသည်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက မရှင်းလင်းသည်များကို မေးမြန်းကြရာ လူငယ်စကားဝိုင်း ဟောပြောရေးအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူလေးများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)