ဘားအံ စက်တင်ဘာ ၃
ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာနေပြည်သူများပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် အုန်းတပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ နောင်လုံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ နောင်လုံကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့တွင် နယ်မြေခံတပ်မတော်တပ်ရင်း တပ်ဖွဲ့များမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ဦးခန့်သည် ယာဉ်၊ ယန္တရားများအသုံးပြု၍ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပလပ်စတစ်နှင့် စွန့်ပစ်ပစ္စည်းအမှိုက်များ သိမ်းဆည်းခြင်း အစရှိသော စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါကျောင်းများတွင် ကျောင်းဆောင်၊ စာသင်ခန်း၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်း၊ သန့်စင်ခန်းများနှင့် ရေ၊ မီး ပြည့်စုံလုံလောက်မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မိုးစပါးစိုက်တောင်သူများအား မြေဩဇာများထောက်ပံ့ပေးအပ်ပွဲနှင့် စုပေါင်းမြေဩဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို နံနက် ၈ နာရီခန့်က ဘားအံမြို့နယ်၊ တံတားဦးကျေးရွာ၊ ကွင်းအမှတ် ၁၁၅၀/ဂ၊ တောင်သူ ဦးအကွက်၏ ဆင်းသုခမိုးစပါးစိုက်ခင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက်နေပြည်သူအများစုသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအပေါ် မှီခိုအသက်မွေးကြသည့်အတွက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် ပြည်နယ်၏ ပဓာနကျသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် တောင်သူများစားရေရိက္ခာဖူလုံရန် လယ်မြေကို လှပ်မြေမထားဘဲ သီးနှံထုတ်လုပ်မှုမြင့်မားစေရေး၊ ဝင်ငွေတိုးတက်စေရေး၊ ဈေးကွက်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်စေရေးအတွက် သီးနှံအမယ်စုံ စိုက်ပျိုးရန်လိုအပ်ပြီး အရည်အသွေးကောင်း၊ အထွက်နှုန်းကောင်းကာ ဈေးကွက်အလားအလာရှိသည့် သီးနှံများကို နှစ်သီးမှ သုံးသီးအထိ စိုက်ပျိုးနိုင်အောင် ကြိုးစားကြစေလိုကြောင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာရောစပ်အသုံးပြုခြင်းသည် လက်ရှိဖြစ်ပေါ်နေသော ဓာတ်မြေဩဇာဈေးနှုန်းမြင့်တက်လာမှုကို ကျော်လွှားနိုင်သကဲ့သို့ လိုအပ်သည့် အာဟာရဓာတ်ကို သတ်မှတ်နှုန်းထားအတိုင်း အချိန်ကိုက်ရရှိစေသည့်အတွက် အထွက်ကောင်း၊ အရည်အသွေးကောင်းထုတ်ကုန်များကို ထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး မြေဆီလွှာပျက်စီးဆုံးရှုံးမှုကို လည်းကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တောင်သူများ အကျိုးအမြတ်ရရှိစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာစေရန်အတွက် စိုက်ပျိုးရေးသွင်းအားစုများကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးလျက်ရှိသကဲ့သို့ တောင်သူများအနေဖြင့်လည်း လယ်ယာကဏ္ဍတိုးမြှင့်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် တံတားဦးကျေးရွာရှိ မိုးစပါးစိုက်တောင်သူများအား သဘာဝမြေဩဇာ ၅၀ အိတ်နှင့် ယူရီးယားဓာတ် မြေဩဇာ ၂၅ အိတ်တို့ကို ထောက်ပံ့ပေးအပ်ပြီး တောင်သူဦးအကွက်၏ ဆင်းသုခမိုးစပါးစိုက်ခင်းအတွင်း တောင်သူများစုပေါင်း၍ ဓာတ်မြေဩဇာကြဲပက်ခြင်းကွင်းသရုပ်ပြပွဲကို ကြည့်ရှုအားပေးခဲ့ကြပြီး တောင်သူများနှင့်တွေ့ဆုံကာ သီးထပ်သီးညှပ်များဖြင့် မြေလွတ်၊ မြေလှပ်မကျန်စိုက်ပျိုးလုပ်ကိုင်ကြရန် မှာကြားခဲ့၍ အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်၏ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် လွန်းညရေပြာအိုင်သို့ သွားရောက်၍ အများသုံး သန့်စင်ခန်း၊ အဝတ်လဲခန်းများ ပြည့်စုံလုံလောက်မှုရှိ/မရှိနှင့် အများပြည်သူ အနားယူအပန်းဖြေစရာနေရာများ စီစဉ်ဆောင်ရွက်ပေးထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ယာဉ်ရပ်နားရန်နေရာနှင့် ဈေးဆိုင်ခန်းများ စနစ်တကျဖြစ်စေရေး၊ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး၊ လာမည့်ပွင့်လင်းရာသီတွင် ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်သော ခရီးစဉ်ဒေသတစ်ခုဖြစ်စေရေး ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)