သရက်ချောင်းမြို့တွင် မူးယစ်ဆေးအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပ

သရက်ချောင်း   စက်တင်ဘာ ၃

ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတများကြွယ်ဝစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြားတက်စေရန် ရည်ရွယ်၍  ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အခြေခံပညာ (အ-ထ-က)သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)တွင် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ (အ-ထ-က) သရက်ချောင်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာမာကြူက အဖွင့်အမှာစကားပြောကြားပြီး သရက်ချောင်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်ဝေခိုင်က အသိပညာပေးဟောပြောရာတွင် ရေနေသယံဇာတများ ထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများကို ကျောင်းသား/သူများ သိရှိနားလည်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ မြို့မရဲစခန်းမှ ဒု-ရဲအုပ် ဌေးမောင်က မူးယစ်ဆေးဝါးသုံးစွဲရခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများအကြောင်း၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲလျင် အရေးယူနိုင်သည့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခြင်း၊ ဒု-ရဲအုပ် ထူးဇော်ဟိန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ရှောင်ရန်ဆောင်ရန်များနှင့် ပြစ်မှု/ပြစ်ဒဏ်များအကြောင်းကို ကျောင်းသား/သူများ သိရှိနားလည်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခြင်း၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းနှင့် စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများအကြောင်းကို ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)