မြိတ် စက်တင်ဘာ ၂
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူ ကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ယနေ့ နံနက်ပိုင်းက မြိတ်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ ကျောင်းသား/သူများအတွက် ဆန်၊ ဆီနှင့် ကြက်ဥများကို သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
ထောက်ပံ့ပေးအပ်ရာတွင် ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြိတ်မြို့ ရေပုန်း ရပ်ကွက်ရှိ စိန့်အဲဘက် ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီးသင် အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ကြရာ ကျောင်းသား/သူများက မင်္ဂလာပါ ကြိုဆိုနှုတ်ခွန်းဆက်သီချင်းဖြင့် သီဆိုဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။
ထိုနောက် ဝန်ကြီးချုပ် ဦးမြတ်ကိုက ကျောင်းတော်ကြီးတွင် သားငယ်သမီးငယ်များ စိတ်အေးချမ်း သာစွာ ပညာသင်ကြားနိုင်ရန်အတွက် အစိုးရအဖွဲ့မှ ဆန်၊ ဆီ လာရောက်ထောက်ပံ့ပေးတာ ဖြစ်ကြောင်း၊ အဓိကတော့ သားငယ်သမီးငယ်တွေအနေနဲ့ ဒီကျောင်းမှာ ပညာသင်ကြားပြီး တတ်မြောက်လာတဲ့ပညာတွေနဲ့ ကိုယ့်ရဲ့ဒေသ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေး ကြဖို့လိုအပ်ကြောင်း၊ ဒီလိုဆောင်ရွက် ပေးနိုင်ရန် ပညာတတ်ဖို့ လိုအပ်မှာဖြစ်ပြီး မိမိရဲ့လူမျိုး၊ မိမိရဲ့ဒေသ၊ မိမိရဲ့နိုင်ငံအတွက်ကို ကြိုးစားပြီး ခွန်အားဖြစ်စေမည့် သားကောင်းသမီး ကောင်းများ ဖြစ်အောင် ကြိုးစားကြရန် ပြောကြားသည်။
ဆက်လက်၍ ကျောင်းသား/သူများအတွက် ဝန်ကြီးချုပ်က ဆန်အိတ်များကိုလည်းကောင်း၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးက ဆီများကိုလည်းကောင်း၊ လုပ်ငန်းရှင်များလှူဒါန်းကြသော ကြက်ဥများကို ဦးလှသန်းကလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြရာ တာဝန်ရှိသူများက လက်ခံ ရယူခဲ့ကြပြီး မြိတ်ကက်သလစ်ခရစ်ယာန် သာသနာကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာရ် ဟူးဘတ် မျိုးသန့်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ကျောင်းသား/သူများက ကျေးဇူးတင် ဆုတောင်းသီချင်း သီဆိုခဲ့ကြသည်။
ထိုမှတစ်ဆင့် ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ ဗိမာန်တွင် ကျင်းပသည့် မြို့နယ် အတွင်းရှိ ဘုန်တော်ကြီးသင်ပညာရေးကျောင်း (၈)ကျောင်းမှ ကျောင်းသား/သူများ အတွက် ဆန်၊ ဆီနှင့် ကြက်ဥများကို ထောက်ပံ့ပွဲသို့ တက်ရောက်ခဲ့ကြ၍ ဝန်ကြီးချုပ်က အမှာစကားပြောကြားခဲ့ပြီး ဘုန်တော်ကြီး သင်ပညာရေး ကျောင်း(၈)ကျောင်းအတွက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆန်၊ ဆီနှင့် ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာမတစ်ဦးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြိတ်မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများရှိ ကျောင်းသား/သူများအတွက် ဆန်(၃၃၀) အိတ်၊ ဆီပိဿာ (၈၀၀)၊ ကြက်ဥအလုံး(၂၀၀၀၀) ကို ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )