သရက်ချောင်းမြို့နယ်တွင် ယူရီးယား (Urea) ဓာတ်မြေဩဇာများ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး ပေးအပ်ခြင်းနှင့် ကိုကိုးပင်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

သရက်ချောင်း စက်တင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ် မိုးရာသီ မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ် ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ယူရီးယား(Urea) ဓာတ်မြေဩဇာများ စျေးနှုန်း ချိုသာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းနှင့် ကိုကိုးပင်ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက် ရရှိကာ လူမူစီးဖွံ့ဖြိုးတိုးတက်လာစေရန် ဓာတ်မြေဩဇာများအား ဈေးနှုန်း သက်သာစွာ ထောက်ပံ့ပေးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ ရရှိစေရေးနှင့် စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ ဒေသခံတောင်သူများ အားလုံးကလည်း  သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ပူးပေါင်းကာ ကြိုးစား ဆောင်ရွက်ကြဖို့လိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် ကုန်ကျစရိတ် သက်သာပြီး လယ်ယာမြေအတွက် ရေရှည်အကျိုးပြုနိုင်သည့် သဘာဝမြေဩဇာများကို စနစ်တကျ ထည့်သွင်းအသုံးပြုကြဖို့ လိုကြောင်း၊  သီးနှံထွက်ကုန်များ အရည်အသွေး ကောင်းမွန်စေရေး ဆောင်ရွက်မှုနှင့်အတူ တန်ဖိုးမြှင့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားကြဖို့လိုကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်မင်းက ၂၀၂၃ ခုနှစ် မိုးရာသီမိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ယူရီးယား (Urea) ဓာတ်မြေဩဇာများ စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူး ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်လင်းဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် တာဝန်ရှိသူများက တောင်သူ များအား ယူရီးယားဓာတ်မြေဩဇာများနှင့် ကိုကိုးပင်များကို ပေးအပ်ခဲ့ကြောင်း၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် မိုးရာသီ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ယူရီးယား ဓာတ်မြေဩဇာများ ပေးအပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ မိုးစပါးမျိုးစေ့ ထုတ်စိုက်ခင်း၊ စံပြကွက်၊ စမ်းသပ်ကွက်နှင့် မိုးစပါးစိုက်ပျိုးသည့် တောင်သူများ အား ယူရီးယားဓာတ်မြေဩဇာ တစ်အိတ် လျှင် (၄၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း(၂၈၀)အိတ်ကို မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာ အုပ်စု (၇)အုပ်စုရှိ တောင်သူများအား စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းနှင့်  မြို့နယ်အတွင်း ကိုကိုးစိုက်ပျိုးသည့် ဆင်ကူးကျေးရွာ နှင့် မော်ရှည်ကုန်းရပ်ကွက်မှ တောင်သူ (၃)ဦးအား စိုက်ဧက(၅)ဧကကို ကိုကိုးပင်(၂၀၀၀)ကိုထောက်ပံ့ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထံမှ သတင်းရရှိသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)