ဖြူး စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ တပိုင်တနိုင် စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေသည့် မြေပဲယိုလုပ်ငန်းများမှာ ကုန်ကြမ်းဝယ်ဈေးမြင့်တက်လာသည့် အတွက် အနည်းငယ် ရောင်းဈေးတိုးမြှင့်ရောင်းချရသော်လည်း ယခင်အတိုင်း ရောင်းအားကောင်းနေသောကြောင့် အဆင်ပြေလျက်ရှိကြောင်း မြေပဲယိုလုပ်ကိုင်သူများထံမှ သိရသည်။
ဖြူးမြို့နယ်၊ ဘူတာတောင်ရပ်ကွက်မှ မြေပဲယိုလုပ်ငန်း လုပ်ကိုင်သူ ဒေါ်သန်းလှက “ ဒီမြေပဲယို လုပ်ငန်းလုပ်ကိုင်ခဲ့တာကတော့ နှစ် (၄၀) ကျော်ပါပြီ ဈေးနှုန်းအလိုက်ကတော့ ကွာသွားတာ ရှိတာပေါ့ တစ်နေ့ကို ထန်းလျက်မြေပဲယို (၁) ဒယ်ကို (၃) ပိဿာခွဲ ရင်းနှီးကုန်ကျမှုက (၂၆၀၀၀) ကျပ်ရှိတဲ့ ဒယ် (၁၅) ဒယ်လောက် ကျိုရပါတယ်၊ (၁) ဒယ်ကို (၃၀၀၀) ကျပ်အမြတ်ကျန်တယ်၊ လွန်ခဲ့တဲ့ (၆) လလောက်က ဖောက်သည်ဈေး အကြီးထုပ်က (၈၀၀) ကျပ်၊ (၇၀၀) ကျပ်တန်၊ (၅၅၀) ကျပ်တန်၊ အသေးဆုံးက (၃၅၀) ကျပ်တန်ရောင်းတယ် အခုတော့ မြေပဲဈေး၊ ထန်းလျက်ဈေးကောင်းလာတော့ အသေးဆုံး (၃၅၀) ကျပ် တန်ကို (၄၅၀) ကျပ်နဲ့ဖောက်သည် ဈေးရောင်းချရပါတယ်၊ ရောင်းအားကတော့ အရင်းအတိုင်းပဲရောင်းအား ကောင်းနေပါတယ် ကျေးဇူတင်ရတယ်၊ တိုးချဲ့လည်းလုပ်ကိုင်ချင်ပါတယ် နောက်ပြီးထုပ်တဲ့အခါမှာ ဒိထက် သေသေသပ်သပ် လှလှပပလေး လုပ်ဖို့ရာရှိပါတယ် ” ဟုပြောသည်။
အဆိုပါ မြေပဲယိုလုပ်ငန်းတွင် သကြားမြေပဲယို၊ ထန်းလျက်မြေပဲယို (၂) မျိုးလုပ်ပြီး ပြန်လည်ရောင်းသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ညောင်လေးပင်၊ ဒိုက်ဦးမြို့နယ်တွေအပြင် လားရှိုးဒေသများကပါ မှာယူသည့်အတွက် ပို့ပေးရကြောင်း၊ ဖြူးဒေသ လက်ဆောင်အဖြစ် ခရီးသွားများကလည်း နီးစပ်ရာဆိုင်များ၊ ကာဂိတ်များနှင့် လိုက်လံရောင်းချသူများထံမှ ဝယ်ယူသွားလေ့ရှိကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)