ဟင်္သာတ စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ ဓမ္မဗိမာန်ကျောင်း တိုက်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အထက်တန်းအခမဲ့ ပညာရေးနှင့် မူလတန်း၊ အလယ်တန်း ကျောင်းပြင်ပ ပညာရေး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က အဆိုပါကျောင်းရှိ မေတ္တာသမ္ပဒါ ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဆရာတော်များ ဦးဆောင်၍ တက်ရောက်လာကြသူများမှ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဓမ္မဗိမာန်ကျောင်းတိုက် (နိုဘယ်ပရဟိတ ဖောင်ဒေးရှင်း) ဦးဆောင်နာယက ဆရာတော် ဒေါက်တာ ဉာဏလင်္ကာရမှ ဩဝါဒကထာ မိန့်ကြားခဲ့ကာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ကျောင်းပြင်ပ ဒေသတာဝန်ခံ ဆရာကြီး ဦးငွေစိုးမှ အမှာစကားပြောကြားခြင်း၊ ဟင်္သာတခရိုင် ပညာရေးမှူး ဦးတိုးဝင်းမှ ပညာရေးဆိုင်ရာများ ရှင်းလင်းပြောကြားခြင်း၊ ဓမ္မဗိမာန် ကျောင်းတိုက်(နိုဘယ်ပရဟိတဖောင်ဒေးရှင်း) ပညာရေးအထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဦးဇော်လတ်မှ မူလတန်း၊ အလယ်တန်းကျောင်းပြင်ပ ပညာရေး အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ဓမ္မဗိမာန် ကျောင်းတိုက် (နိုဘယ်ပရဟိတဖောင်ဒေးရှင်း)မှ ကျောင်းသား/သူများမှ “ကလေးများအတွက် ဒီနေ့” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ ကြသည်။
ထို့နောက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အလှူရှင် များမှ စုပေါင်း၍အလှူငွေနှင့် ပညာရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့ကြရာ တာဝန်ရှိ သူများမှ လက်ခံခဲ့ကြပြီး ဓမ္မဗိမာန်ကျောင်းတိုက် (နိုဘယ်ပရဟိတဖောင်ဒေးရှင်း) ဦးဆောင် နာယက ဆရာတော် ဒေါက်တာ ဉာဏလင်္ကာရမှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ ပြီးနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဌတု” (၃) ကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ပိတ်သိမ်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး နေလင်းအောင်နှင့် ခရိုင်၊ မြို့နယ်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ဟင်္သာတခရိုင် ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များမှ ကျောင်းအုပ်ဆရာ/ ဆရာမများ၊ အလှူရှင်များ၊ ကျောင်းပြင်ပပညာရေးမှ တာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊ ဖိတ်ကြားထား သည့် ဧည့်သည်တော်များ၊ အလှူရှင်များတက် ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)