ရေတာရှည် စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ရေတာရှည်တပ်နယ်မှ အရာရှိ စစ်သည်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ဆွာမြို့၊ ဆွာမြောက်ပိုင်းရပ်ကွက်ရှိ YGW မိဘမဲ့ကလေးများ စောင့်ရှောက်ရေးနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ဆွမ်းဆန်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဆွာမြို့ YGW ပဓာနနာယကဆရာတော် ဘဒ္ဓန္တကောဝိဒထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ပြီးနောက် ရေတာရှည် တပ်နယ်မှူး ဗိုလ်မှူးကြီးသန်းလှိုင်ဝင်းနှင့် အရာရှိ စစ်သည်များ၊ ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ ဆွမ်းဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ ကြသည်။
ဆက်လက်၍ တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဆရာဝန်ကြီးများ ဆေးကုသရေးအဖွဲ့တို့မှ ရဟန်းသံဃာများနှင့် မိဘမဲ့ကလေးများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးရာ ရေတာရှည်တပ်နယ်မှူး ဗိုလ်မှူးကြီး သန်းလှိုင်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းတို့က ရင်းနှီး နွေးထွေးစွာ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)