ကြံခင်း စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ကြံတောအုပ်စုတွင် လူငယ်များ၏ ကဏ္ဍမြှင့်တင် ပေးနိုင်ရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည် ထက်မြက်စေ ရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မားလာစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို စက်တင်ဘာ(၁)ရက်နေ့ နံနက်ပိုင်းက မျောက်ချောကုန်း(အ ထ က)ကျောင်း E-Lan ခန်းမတွင် ကျင်းပပြု လုပ်သည်။
ရှေးဦးစွာ မျောက်ချောကုန်း(အ.ထ.က)ကျောင်းအုပ်ဆရာမကြီးဒေါ်သီတာဦး က ကျောင်းသား/ သူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆောင်ပုဒ်နှင့်အညီ အလေးထားလိုက်နာကြရန်နှင့် အသိပညာ၊ အတတ်ပညာဗဟုသုတများဖြင့် ပြည့်စုံသောလူငယ်များဖြစ်လာစေရန်ကြိုးစားကြဖို့ ပြောကြားပြီးနောက်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပါသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်နှင့် မျောက်ချောကုန်း (အ.ထ.က)ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာဦးတို့နှင့်အတူ (G-11)ကျောင်းသား/ သူများဖြစ်သော မောင်ဇော်ထက်နိုင်က "လူငယ်နှင့်မူးယစ်ဆေး"ခေါင်းစဉ်နှင့် မဟန်စံပယ်ဦးက "လူငယ်နှင့်ကျန်းမာရေး"ခေါင်းစဉ်များဖြင့်လည်းကောင်း၊ (G-10)ကျောင်းသား ဖြစ်သော မောင်ဖြိုးသူရကျော်က "လူငယ်နှင့်အားကစား"ခေါင်းစဉ်နှင့် (G-9)ကျောင်းသူ မဆုပြည့်မင်းထွန်းက "လူငယ်နှင့်ကိုယ်ကျင့်တရား"ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေး ကြသည်။
ထို့နောက်အခမ်းအနား တက်ရောက်လာကြသော ကျောင်းသား/သူများက ခေါင်းစဉ်ပါ အကြောင်းအရာ ဆွေးနွေးချက်များနှင့်ပတ်သက်ပြီး သိရှိလိုသောအချက်များအား မေးမြန်းကြရာ လူငယ်စကားဝိုင်း ဆွေးနွေးသော ကျောင်းသား/သူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး၊ မျောက်ချောကုန်း(အ.ထ.က)ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက လူငယ် စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ကြပြီး၊ စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များ၊ မျောက်ချောကုန်း (အ.ထ.က)ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ သူ(၂၇၀) ဦးတက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)